ဗုဒ္ဓသည် သတ္တဝါများ စီးပွားချမ်းသာအကျိုးငှာ ပွင့်တော်မူလာခဲ့ခြင်း ဖြစ်သည်။
မြတ်ဗုဒ္ဓကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
The Fully-Enlightened; Knower of the Four Ariya Truths who can make others understand them as he himself has understood.
For the welfare of all living beings, the Buddha appeared in this world. I take refuge in the Buddha.
ဗုဒ္ဓဝင်အကျဉ်းချုပ်
၁။ ဂေါတမ ဘုရားအလောင်းတော်သည် ဤ ဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည် ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ သုမေဓာရသေ့ ဖြစ်ခဲ့လေသည်။၂။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရယူနိုင်သော်လည်း သြဃလေးဖြာ သံသရာ၌ နစ်မွန်းမျောပါးကုန်သော ဝေနေယျသတ္တဝါ အပေါင်းတို့ကို သနားကျင့်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။
၃။ သုမေဓာရှင်ရသေ့ဘဝမှ ဝေဿန္တရာမင်း ဘဝတိုင်အောင် မရေမတွက်နိုင်သော ဘဝများ စွာတို့၌ - (က) ရွှေ၊ ငွေ၊ ဆင်၊ မြင်း အစရှိသည်ကို လှူခြင်း ဒါနပါရမီ၊
(ခ) ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည်ကို လှူခြင်း ဒါနဥပပါရမီ၊
(ဂ) ကိုယ့်အသက်ကို လှူခြင်း ဒါနပရမတ္တပါရမီ အစရှိသော ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပေသည်။
၎။ ထို့ပြင် အလွန် စွန့်နိုင်ခဲစွာသော-
(က) ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာမင်းတို့၏ စည်းစိမ်ဥစ္စာ ရတနာကို စွန့်ခြင်း ဓနပရိစ္စာဂ၊
(ခ) သားသမီးကို စွန့်ခြင်း ပုတ္တပရိစ္စာဂ၊
(ဂ) မယားကို စွန့်ခြင်း ဘရိယပရိစ္စာဂ၊
(ဃ) ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း အင်္ဂပရိစ္စာဂ၊
(င) ကိုယ့်အသက်ကို စွန့်ခြင်း ဇီဝိတပရိစ္စာဂ၊ ဟုဆိုသော စွန့်ခြင်းကြီး ငါးပါးကို ဖြည့်စွန့် တော်မူခဲ့လေသည်။
၅။ ဤသို့ ဘဝများစွာ သံသရာကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပြီးနောက် ဘုရားအလောင်းတော်သည် တုသိတာ နတ်ပြည်၌ သေတကေတုမည်သော နတ်သား ဖြစ်ခဲ့လေသည်။ နတ်သားဖြစ်စဉ် စကြဝဠာတိုက်တစ်သောင်းမှ နတ် ဗြဟ္မာ အပေါင်းတို့က “ဘုရားဖြစ်ချိန် တန်ပါပြီ၊ လူ့ပြည် သို့ ဆင်း၍ ဘုရားဖြစ်တော်မူပါ”ဟု ဘုရားအလောင်းတော်ကို တောင်းပန်လေသည်။
၆။ သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတု နတ်သားသည်။
(က) ကာလ = ဘုရားဖြစ်ရာ အချိန်ကာလ၊
(ခ) ဒီပ = ဘုရားဖြစ်ရာ ကျွန်းအရပ်၊
(ဂ) ဒေသ = ဘုရားဖြစ်ရာ အရပ်ဒေသ၊
(ဃ) ကုလ = ဘုရားဖြစ်ရာ အမျိုးအနွယ်၊
(င) မာတာအာယုပရိစ္ဆေဒ = ဘုရားအလောင်းတော်၏ မယ်တော်ဖြစ်မည့်သူ၏ သက်တမ်းအပိုင်းအခြား- ဟူသော ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှုတော်မူလေသည်။
၇။ ယင်းသို့ ကြည့်ရှုတော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် ၆၇-ခု၊ ဝါဆိုလပြည့် ကြာသပတေးနေ့၌ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာဒေဝီမိဘုရား ကြီး မယ်တော်မာယာဝမ်း၌ ပဋိသန္ဓေ တည်နေလေသည်။
၈။ ဘုရားအလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့် သောကြာနေ့ဝယ် ဒေဝဒဟပြည်နှင့် ကပိလဝတ်ပြည်၏ အကြားရှိ လုမ္ဗိနီသာမော အင်ကြင်းတော၌ မယ်တော် မာယာဝမ်းမှ မီးရှူးသန့်စင် ဖွားမြင်တော်မူလေသည်။
၉။ ဘုရားအလောင်းတော်သည် ၁၆-နှစ်အရွယ် ရောက်သောအခါ ယသော်ဓရာ မင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို ခံစားလေသည်။
၁၀။ ၂၉-နှစ်အရွယ် ရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီး လေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်ပြုလေသည်။
၁၁။ ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသော ဒုက္ကရစရိယာအကျင့်ကို ရဟန်းအဖြစ်နှင့် ၆-နှစ်ပတ်လုံး ကျင့်တော်မူခဲ့သည်။
၁၂။ ထို့နောက် ဘုရားအလောင်းတော်သည် သုဇာတာမည်သော သူဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံ ဘုဉ်ပေးပြီး မဟာဗောဓိပင်သို့ ကြွသွား တော်မူလေသည်။
၁၃။ သုဒ္ဓိယငစင် မြက်ထမ်းသမား (မြက်ရိတ်လုလင်)သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအလောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။
၁၄။ ဘုရားအလောင်းတော်သည် သုဒ္ဓိယငစင် လှူဒါန်းသော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သော အခါ ထိုခဏဝယ် မြက်ရှစ်ဆုပ်သည် မဟာဗေဓိပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေ သည်။ (ထိုမြက်တို့သည် မြက်ရိပ်အသွင်သဏ္ဍာန်ဖြင့် မတည်ကြကုန်)။
၁၅။ ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူစဉ် နေမဝင်မီ ဒေဝ ပုတ္တမာရ် (မာရ်နတ်ရန်)ကို အောင်မြင်တော်မူ၍ ညဥ့်ဦယာမ်၌ ရှေးက နေခဲ့ (ဖြစ်ခဲ့)ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့တတ် သိတတ်သော “ပုဗ္ဗေနိဝါသာနုဿတိဉာဏ်”ကို ရတော်မူ လေသည်။ သန်းခေါင်ယာမ်၌ နတ်တို့၏မျက်စိနှင့်တူသော စုတေခါနီးသော သတ္တဝါ စသည် တို့ကို မြင်တတ်သော “ဒိဗ္ဗစက္ခုဉာဏ်”ကို ရတော်မူလေသည်။
မိုးသောက်ယာမ်၌ အာသဝေါတရား လေးပါးတို့၏ ကုန်ခြင်းကို ပြုတတ်သော “အာသဝက္ခ ယဉာဏ်”ကို ရတော်မူ၍ အသက်(၃၅)နှစ်အရွယ် မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယာမ်အချိန်ဝယ် လောကသုံးပါးတွင် အတူမရှိသော သဗ္ဗညူဘုရား အဖြစ်သို့ ရောက်တော်မူလေသည်။
၁၆။ သုံးလူ့သခင် သဗ္ဗညူဘုရားရှင်သည် ၄၅-ဝါ ကာလပတ်လုံး ဝေနေယျ သတ္တဝါတို့အား ဓမ္မ စကြာ စသည့်တရားတို့ကို ဟောပြတော်မူသည်။ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ အကျိုး စီးပွားကို ဆောင်ရွက်တော်မူခဲ့လေသည်။
၁၇။ ၄၅-ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွာကို မနားမနေ ဆောင်ရွက်တော်မူခဲ့သော သဗ္ဗညူဘုရားရှင်သည် မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ကုသိနာရုံ ပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျဉ်၌ ပရိနိဗ္ဗာန် ဝင်စံတော်မူလေသည်။
ညွှန်း- ဗုဒ္ဓဘာသာကောင်းတစ်ယောက်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ သာသနာ သက္ကရာဇ် ၂၅၅၁၊ စာ (စ - ဈ)။
ဗုဒ္ဓသာသနာ
သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။
မကောင်းမှု အကုသိုလ် အားလုံးကို မပြုရ၊
ကောင်းမှု ကုသိုလ် အားလုံးကို ပြည့်စုံစေရမည်၊
မိမိစိတ်ကို လုံးဝ ဖြူစင်စေရမည်၊
ဤသုံးပါးဟာ ဘုရားရှင်တို့၏ အဆုံးအမ သာသနာတော် ဖြစ်သည်။
No comments:
Post a Comment