ဝိပဿနာဘာဝနာ

ဝိပဿနာဘာဝနာသည် ဗုဒ္ဓဘာသာစစ်စစ် စိတ်လေ့ကျင့်မှုကမ္မဋ္ဌာန်းလုပ်ငန်းဖြစ်၍ သဘာဝ တရားကိုထိုးထွင်းသိမြင်ပြီးနောက် စိတ်၏လုံးဝလွတ်မြောက်မှုရခြင်းကြောင့် နိဗ္ဗာန်ကိုမျက်မှောက်ပြုစေနိုင် သည်။ သတိဖြင့်စောင့်ကြည့်မှု နိုးကြားမှု သတိဖြင့်ရှုမှတ်မှုများတွင်အခြေပြုသော သုံးသပ်ဆင်ခြင် ဝေဖန် စစ်ဆေးသည့်နည်းလမ်းဖြစ်ပေသည်။ (မြတ်ဗုဒ္ဓဒေသနာ၊ စာ- ၁၅၁)

‘ဝိ’ - ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်က အနိစ္စ(မမြဲဘူး)၊ ဒုက္ခ(ဆင်းရဲတယ်)၊ အနတ္တ(အစိုးမရ၊ ပုဂ္ဂိလ် သတ္တဝါ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ မဟုတ်)၊ ‘ပဿနာ’-က ရှုသိတဲ့ဉာဏ်။

ဝိပဿနာ= အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောသုံးမျိုးကိုသိအောင်ရှုတဲ့ဉာဏ်လို့ ဆိုလိုတယ်။

အဲဒီ အနိစ္စ ဒုက္ခ အနတ္တ သဘောသုံးမျိုးက ဘယ်မှာရှိလဲ? ရုပ်(ခန္ဓာကိုယ်)နှင့် နာမ်(စိတ်)မှာရှိ တယ်။ ဒါကြောင့် အဲဒီသဘောသုံးမျိုးကိုသိချင်ရင် ရုပ်နှင့်နာမ်ကို သတိဦးစီးတဲ့စိတ်နဲ့ စောင့်ကြည့် ရှုသိ ရတယ်။ အဲဒါ ဝိပဿနာရှုတာပဲ။ ဒါကြောင့် ရုပ်နှင့်နာမ်ကိုရှုသိနေမှဝိပဿနာ။ သတိဦးစီးတဲ့စိတ်နဲ့ မပြတ်မလပ် စောင့်ကြည့် ရှုသိနေလို့၊ သတိချင်း အကြားမလပ် ဆက်စပ်မိသလောက်ရှိမှ ဝိပဿနာဉာဏ် ဖြစ်ပေါ်တယ်။ ဒါကြောင့် သတိပဋ္ဌာန်ဝိပဿနာလို့ ခေါ်တယ်။

ဒီတော့ သမထဘာဝနာကို အားထုတ်ခြင်းအားဖြင့် အားကောင်းတဲ့ စိတ်တည်ငြိမ်မှု သမာဓိခေါ်တဲ့ ဈာန်ကိုရတယ်။

 ဝိပဿနာဘာဝနာ အားထုတ်ခြင်းဖြင့် ရုပ်နာမ်တို့ရဲ့ အနိစ္စ ဒုက္ခ အနတ္တ သဘောသုံးမျိုးကို ထိုးထွင်းသိမြင်တဲ့ ဝိပဿနာဉာဏ်ဖြစ်ပေါ်ပြီး၊ ဝိပဿနာဉာဏ် ကုန်ဆုံးသွားတော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရပြီး နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်။

အဲဒါဟာ သမထဘာဝနာနဲ့ ဝိပဿနာဘာဝနာ ခြားနားချက်ပဲ။

ဒါကြောင့်-

စိတ်တည်ရုံမျှ၊ ရှုမှတ်က၊ သမထဘာဝနာ။
စိတ်တည်ရုံသာ၊ မကပါပဲ၊ နှစ်ဖြာရုပ်နာမ်၊ သိမြင်ရန်၊ ရှုပြန် ဝိပဿနာ။
စိတ်ကိုပဲရှုရှု၊ ရုပ်ကိုပဲရှုရှု အရှုခံစိတ်နဲ့ အရှုခံရုပ်ရဲ့အရှိသဘာဝကို အရှိအတိုင်းသိဖို့ပဲ။ တချို့ အသိမှားနေတာက မခံသာတဲ့ခံစားမှု နာကျင်ကိုက်ခဲမှုရှိလာရင် သူ့အရှိသဘာဝအတိုင်း နာတယ် နာတယ်၊ ကျင်တယ်ကျင်တယ်၊ ကိုက်တယ်ကိုက်တယ် စသဖြင့်ရှုကြတယ်။ အဲဒီလိုရှုတာဟာ ဒီမခံသာတဲ့ခံစားမှု ဝေဒနာကိုပျောက်အောင်ရှုတယ်လို့ အမှတ်မှားနေကြတယ်။ ပျောက်အောင်ရှုတာမဟုတ်ဘူး၊ သိအောင် ရှုတာ။ အဲဒီနာတယ်ဆိုတဲ့မခံသာတဲ့သဘော ဒုက္ခဝေဒနာမှာလဲ သူရဲ့ပင်ကိုယ်သဘာဝလက္ခဏာဖြစ်တဲ့ အနိစ္စ ဒုက္ခ အနတ္တ သဘောတွေရှိတယ်။ အဲဒီသဘောတွေကိုသိအောင်ဒုက္ခဝေဒနာကိုရှုတာ၊ ဝေဒနာ ပျောက်ငြိမ်းအောင်ရှုတာမဟုတ်ဘူး။ ဝေဒနာရှိနေတုန်းမှာ ရှိနေတဲ့ဝေဒနာရဲ့ အနိစ္စ ဒုက္ခ အနတ္တသဘော တွေကို သိအောင်ရှုတာလို့ နားလည်ထားရမယ်။

 ရုပ်(ခန္ဓာကိုယ်)နှင့်နာမ်(စိတ်)၌ ဖြစ်နေရှိနေတဲ့သဘောတွေကို ဖြစ်နေရှိနေတဲ့အတိုင်း သတိနဲ့စူးစူးစိုက်စိုက် စောင့်ကြည့်ရှုသိနေတာသတိပဋ္ဌာန်ဝိပဿနာအားထုတ်ပုံပဲ။ အဲဒါ မဂ္ဂင်ရှစ်ပါးပွားများ ပုံပဲ။ အဲဒါ မဇ္ဈိမပဋိပဒါ အလယ်လမ်း အကျင့်မှန်ပဲ။ (ချမ်းမြေ့ဆရာတော်)

No comments:

Post a Comment