သတိပဋ္ဌာနသုတ်

စိတ်တိုးတက်မှု ‘ဘာဝနာ’ နှင့်ပတ်သက်၍ ဗုဒ္ဓဟောကြားတော်မူသော ဒေသနာများတွင် အရေးအကြီးဆုံးဒေသနာသည် ‘သတိပဋ္ဌာနသုတ်’ ဖြစ်ပေသည်။

‘သတိပဋ္ဌာနသုတ်’ ကို ၄ ပိုင်း ခွဲခြားထားသည် -

၁။ မိမိကိုယ်၌ဖြစ်ပျက်မှုကိုရှုရသော ကာယာနုပဿနာသတိပဋ္ဌာန၊်

၂။ မိမိတွေ့ထိခံစားသောဝေဒနာတစ်ခု၌ ဖြစ်ပျက်မှုကိုရှုရသော ဝေဒနာနုပဿနာသတိ ပဋ္ဌာန်၊

၃။ မိမိစိတ်တစ်ခု၌ ဖြစ်ပျက်မှုကိုရှုရသော စိတ္တာနုပဿနာ သတိပဋ္ဌာန်ဖြစ်၍

၎။ ကိုယ်ကျင့်သီလ ဉာဏ်ပညာဆိုင်ရာ တရားစု၌ ဖြစ်ပျက်မှုကိုရှုရသော ဓမ္မာနုပဿနာသတိပဋ္ဌာန် တို့ဖြစ် သည်။

မည်သည့် ကမ္မဋ္ဌာန်းတရားတွင်မဆို အဓိကဆောင်ရွက်ရန်ကိစ္စမှာ သတိမြဲစွာရှိနေရန်နှင့်အဖန် တလဲလဲ ရှုနေရန် (အနုပဿနာ)ဖြစ်ကြောင်း သိရှိထားသင့်ပေသည်။

ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သည့် သတိပဋ္ဌာန်မှာ မိမိလုပ်ဆောင်နေသည့်အမှုကိစ္စများ တွင် အစဉ်အမြဲ သတိကပ်မှတ်သားခြင်းဖြစ်၍ မျက်မှောက်တည့်တည့်နေခြင်း၊ ပစ္စုပ္ပန်အမှု၌ အာရုံ တည်ရှိစေခြင်းပင် ဖြစ်ပေသည်။ ဤကမ္မဋ္ဌာန်းနည်းလမ်းအရ သတိပဋ္ဌာန်ထူထောင်ရန် မည်သည့် ကိစ္စမျှ အထူးအထွေလုပ်ဆောင်ရန် မလိုပေ။ ဤကမ္မဋ္ဌာန်းကို ကျင့်သုံးရန် သင်၏တန်ဖိုးရှိလှသော အချိန်မှ တစ်စက္ကန့်မျှပင် ဖြုန်းသုံးပစ်ရန် မလိုပေ။ မိမိနေ့စဉ်နေ့တိုင်း လုပ်ကိုင်နေကြ လုပ်ငန်းအဝဝ လုပ်ကိုင်နေစဉ် လုပ်ကိုင်နေသမျှအမှုကိစ္စတို့ကို နေ့ရောညပါ သတိမလွတ်စေဘဲ ပြုလုပ်ဆောင် ရွက်ရန်သာလိုပေသည်။ (မြတ်ဗုဒ္ဓဒေသနာ၊ စာ- ၁၅၈)

ကာယ ဂတာသတိပဋ္ဌာန်လုပ်ငန်း

လက်တွေ့အသုံးဝင်၍အရေးကြီးသော အခြားကမ္မဋ္ဌာန်းလုပ်နည်းတစ်ခုမှာ နေ့စဉ်နေ့တိုင်း ကိုယ် ရေးကိုယ်တာကိစ္စ၊ အများနှင့်သက်ဆိုင်သည့်ကိစ္စ၊ အလုပ်ခွင်နှင့်ပတ်သက်သည့်ကိစ္စများကို ကာယ ကံ၊ ဝစီကံမြောက်ဆောင်ရွက်နေစဉ် ဆောင်ရွက်လုပ်ကိုင်နေသမျှကို သတိချပ်၍နေရသည့် ကာယ ဂတာသတိပဋ္ဌာန်လုပ်ငန်းပင်ဖြစ်သည်။ လမ်းလျှောက်သည်ဖြစ်စေ၊ ရပ်သည်ဖြစ်စေ၊ ထိုင်သည်ဖြစ် စေ၊ လဲလျောင်သည်ဖြစ်စေ၊ အိပ်သည်ဖြစ်စေ၊ ကိုယ်လက်အင်္ဂါကိုဆန့်သည်ဖြစ်စေ၊ ကွေးသည်ဖြစ် စေ၊ အဝတ်တန်ဆားကိုဝတ်လဲစဉ်ဖြစ်စေ၊ စကားပြေားဆိုစဉ်၊ ဆိတ်ဆိတ်နေစဉ်၊ စားစဉ်၊ သောက် စဉ်၊ တပို့တပါးသွားစဉ်ဖြစ်စေ မည်သည့်အလုပ်အကိုင် အပြုအမူကိုမဆို လုပ်ကိုင်နေစဉ် လုပ်ကိုင် သမျှကိုသတိကပ်၍ အလုံးစုံသိရှိနေမှုပင်ဖြစ်သည်။ ပစ္စုပ္ပန်အလုပ် ပစ္စုပ္ပန်တည့်တည့်တွင်သာ အာရုံပြု၍နေထိုင်ရမည်ဟုဆိုလိုရင်းဖြစ်သည်။ ပစ္စုပ္ပန်တည့်တည့် နေထိုင်သူသာလျှင် ဘဝအစစ် အမှန်နှင့်ထိတွေ့သူဖြစ်၍ အပျော်မွေ့ဆုံး အချမ်းမြေ့ဆုံးသူတစ်ဦးဖြစ်ပေသည်။ မိုက်မဲသူများကား အတိတ်ကိုပြန်လှန်၍ နောင်တဖြစ်၏။ အနာဂတ်ကိုမျှော်မှန်း၍ ပူပင်ကြ၏။ နည်းလမ်းအမှန်မှာ မိမိ ကိုယ်မိမိ လုံးဝမေ့ပျောက် ပစ်၍ လုပ်ဆောင် နေသောအမှုတွင်သာ အာရုံနစ်မြုပ်နေစေခြင်းဖြစ် သည်။

ဗုဒ္ဓမြတ်စွာဟောကြားတော်မူသည့် သတိပဋ္ဌာန်မှာ မိမိလုပ်ဆောင်နေသည့်အမှုကိစ္စများတွင် အစဉ် အမြဲသတိကပ်မှတ်သားခြင်ဖြစ်၍ မျက်မှောက်တည့်တည့်နေခြင်း၊ ပစ္စုပ္ပန်အမှု၌ အာရုံတည်ရှိ စေခြင်းပင်ဖြစ်ပေသည်။

ဤကမ္မဋ္ဌာန်းကို ကျင့်သုံးရန် သင်၏တန်ဖိုးရှိလှသောအချိန်မှ တစ်စက္ကန့်မျှပင် ဖြုန်ပစ်ရန်မလို ပေ။ မိမိ နေ့စဉ်နေ့တိုင်း လုပ်ကိုင်နေကျ လုပ်ငန်းအဝဝ လုပ်ကိုင်နေစဉ် လုပ်ကိုင်နေသမျှအမှုကိစ္စ တို့ကို နေ့ရောညပါ သတိမလွတ်စေဘဲ ပြုလုပ်ဆောင်ရွက်ရန်သာလိုပေသည်။ အထက်တွင်တင်ပြ ဆွေးနွေးခဲ့သော ကမ္မဋ္ဌာန်းလုပ်ငန်းရပ် ၂ မျိုးမှာ ကာယနှင့်ပတ်သက်သော ကာယာနုပဿနာ ကမ္မဋ္ဌာန်းများဖြစ်ပေသည်။

 ရုပ်နှင့်နာမ်(ခန္ဓာကိုယ်နှင့်စိတ်)မှာ ဖြစ်ပျက်နေသမျှကို မလွတ်ရ မလစ်ရအောင်စောင့်ကြည့်ပြီး သိနေတာကို သတိလို့ဆိုလိုတယ်။ ပဋ္ဌာန်ဆိုတာ စွဲစွဲမြဲမြဲ စူးစူးစိုက်စိုက်။ ထို့ကြောင့် သတိပဋ္ဌာန်ဆိုတာ ရုပ်နှင့်နာမ်(ခန္ဓာကိုယ်နှင့်စိတ်)မှာဖြစ်ပျက်နေသမျှကိုမလွတ်ရမလစ်ရအောင်စောင့်ကြည့်ပြီးသိနေတာကိုဆိုလိုတယ်။ (ချမ်းမြေ့ဆရာတော်၊ စာ-၂၂)

 ဗုဒ္ဓမြတ်စွာဟောကြားတော်မူသည့် သတိပဋ္ဌာန်မှာ မိမိနေ့စဉ်နေ့တိုင်းလုပ်ဆောင်နေသည့် အမှုကိစ္စ များတွင် အစဉ်အမြဲသတိကပ်မှတ်သားခြင်းဖြစ်၍၊ မျက်မှောက်တည့်တည့်နေခြင်း၊ ပစ္စုပ္ပန်အမှု၌ အာရုံတည် ရှိစေခြင်းပင်ဖြစ်ပေသည်။ မိမိသဘောအလျောက် ထိုင်လိုကထိုင်၊ ရပ်လိုကရပ်၊ စင်္ကြန်လျှောက်လိုက လျှောက်၊ လျောင်လိုကလျောင်းပြီး၊ မည်သည့်အနေအထားတွင်မဆို၊ မည်သည့်နေရာတွင်မဆိုပြုလုပ် နိုင်ပေသည်။ မိမိလုပ်ကိုင်ဆောင်ရွက်သမျှကိုသတိကပ်၍ ရှုမှတ်သိရှိနေရန်သာလိုပေသည်။ (မြတ်ဗုဒ္ဓ ဒေသနာ၊ စာ ၁၅၂-၁၅၈)

သတိပဋ္ဌာန်လေးပါးဆိုသည့်- ဤအကျင့်လမ်းသည် သတ္တဝါတို့၏ စိတ်အညစ်အကြေးစင်ကြယ်ရန်၊ စိုးရိမ်ပူဆွေးငိုကြွေးမှုတို့ကိုလွတ်မြောက်ရန်၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတို့ချုပ်ငြိမ်းရန်၊ အရိယမဂ်ကိုရရန်၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုရန် တစ်ကြောင်းတည်းသောလမ်းပင်ဖြစ်သည်ဟု မြတ်စွာဘုရားဟောကြားထားပေ သည်။ (ဗုဒ္ဓဘာသာကောင်းတစ်ယောက်၊ စာ-၁၆၂)

သတိပဋ္ဌာန်လေးပါး-

(၁) ကာယာနုပဿနာသတိပဋ္ဌာန်ဆိုတာ ကာယဆိုတဲ့ရုပ်အပေါင်းကိုရှုမှတ်ပြီး သိတာပါပဲ။ ကိုယ်အမူအရာပြုတိုင်း ဖြစ်တိုင်းရှုမှတ်ပြီး အမှန်အတိုင်းသိရန်ညွှန်ပြထားပါတယ်။ သွား လျှင်သွားသည်ဟုမှတ်ရမည် သိရမည်။ ရပ်လျှင်ရပ်သည်ဟု မှတ်သိရမည်။ ထိုင်လျှင် ထိုင်သည်ဟု မှတ်သိရမည်။ လျောင်လျှင်လျောင်သည်ဟု မှတ်သိရမည်။ ကိုယ်ကာယ ပြောင်းလဲသမျှကို ပြောင်းလဲသည့်အတိုင်းမှတ်သိရမည်ဟု သတိပဋ္ဌာန်ပါဠိတော်၌ မြတ်စွာ ဘုရားဟောကြားထားပါသည်။

အလွယ်ဆုံးဥပမာတစ်ခုပြရလျှင် ဝမ်းဗိုက်ဖောင်းလာသည်ကိုစောင့်ကြည့်ပါက တရွေ့ရွေ့ ဖောင်းကြွလာသည့်သဘောကို သူ့အရှိအတိုင်း ရှုသိရပေသည်။ ထို့အတူ ပိန်သွားလျှင် လည်း တရွေ့ရွေ့ပိန်ကျသွားသည့်သဘေားကို သူ့အရှိအတိုင်း ရှုသိနေရန်လိုပေသည်။ မိမိ ဉာဏ်ဖြင့် ဝေဖန်ဆန်းစစ် ဆင်ခြင်ခြင်းမလုပ်ရပေ။ ဤနည်းသည် မြတ်စွာဘုရားဟော တော်မူတဲ့ မဟာသတိပဋ္ဌာနသုတ်တော်လာနည်းပင်ဖြစ်ပေသည်။ အဲဒီတော့ ဖောင်းတာရှု လိုက်ရင် ဖောင်းလာတဲ့ရွေ့လျားမှုလေးတွေကို သေသေချာချာသိလာတယ်။ အဲဒီလိုနဲ့ ပိုပို ပြီး ရှင်းရှင်လင်းလင်းသိသိလာတော့ ဝမ်းဗိုက်ပုံသန္တာန်ကိုမသိရမတွေ့ရတော့ဘဲ ရွေ့တာ လေးတွေချည်းတွေ့သိနေရတယ်။ တစ်ရွေ့ပျောက်သွားတယ်၊ နောက်တစ်ရွေ့ဖြစ်လာတယ်၊ ပြန်ပျောက်သွားတယ်။ အဲ့ဒီလို ဖြစ်လာတာ ပျောက်သွားတာကိုသိလာရတော့၊ ဖြစ်တာ ပျက်တာကို ရှင်းရှင်းလင်းလင်းသိသွားတယ်။ အဲဒီလိုသိသွားတဲ့အခါကျတော့ ရုပ်တိုင်း ရုပ်တိုင်းဟာဖြစ်ပေါ်ပြီးပျောက်ပျေက်သွားတာပဲ၊ဖြစ်ပျက်မှုအစဉ်မျှသာဖြစ်တယ်။ ဒါကြောင့် ရုပ် ခန္ဓာတွေဟာ ဖြစ်လိုက်ပျက်လိုက်နဲ့ မတည်မြဲဘူးဆိုတဲအနိစ္စသဘောကို ထင်ရှားသိရ တယ်။

ဥပမာအားဖြင့်လျပ်စစ်မီးသီတစ်လုံးမှလင်းသည့်အလင်းရောင်သည်တစ်စက္ကန့်လျှင်အကြိမ် (၅၀)အပြောင်းအလဲရှိသည်ဟု သိပံ္ပပညာရှင်များကဆိုကြပေသည်။ ယင်းပြောင်လဲမှုကို သာမာန်လူအနေဖြင့် မသိမြင်နိုင်သော်လည်း ဝိပဿနာရှုမှတ်နေသည့်ယောဂီအနေဖြင့်မူ ဘင်္ဂဉာဏ်ရောက်သည့်အခါသိနိုင်ပေသည်။ ထို့အတူ မိမိခန္ဓာကိုယ်မှရုပ်နဲ့နာမ်များ တရိပ် ရိပ်ပြောင်းလဲဖြစ်ပျက်နေသည်ကိုလည်းတွေ့သိနိုင်ပေသည်။ အဲဒီတော့ ရုပ်နာမ်တွေဟာ မမြဲတာချည်းပဲ။ နှစ်သက်စရာတပ်မက်စရာရယ်လို့ ဘာတစ်ခုမှမရှိဘူး။ တစ်နည်းပြောရ ရင် ရုပ်တွေဟာဖြစ်ပြီးတာနဲ့ အလွန်လျင်မြန်စွာပျက်ပျက်သွားတာကိုသိရတယ်။ ယင်းဖြစ် ပျက်မှုနှုန်းသည်တိုင်းတာ၍မရနိုင်လောက်အောင် အလွန်လျင်မြန်သောကြောင့် ရုပ်ခန္ဓာကို အဆက်မပြတ်မြင်နေရပြီး၊ တည်မြဲနေသည်ဟုထင်မှတ်နေခြင်းသာဖြစ်သည်။ အမှန်စင် စစ်တွင်မူ ရုပ်နှင့်နာမ်သည် ဖြစ်ပြီးသည်နှင့်ချက်ချင်းပျက်ပျက်သွားသောကြောင့် အကောင် အထည်ဟူ၍ဘာမျှမရှိ၊ အနတ္တသဘောသာဖြစ်သည်။ (မဟာစည်ဆရာတော်)

ထို့ကြောင့် မြတ်စွာဘုရားက ယံ= အကြင်တရားသည်၊ အနိစ္စံ= ဖြစ်ဖြစ်ပြီး ပျက်ပျက်သွား လို့ မတည်မြဲ၊ တံ= ထိုဖြစ်ပြီးပျက်လို့ မတည်မြဲသောတရားသည် ဒုက္ခံ= ဆင်းရဲ၏၊ တံ=မတည်မမြဲ ပြောင်းလဲဖောက်ပြန်တတ်သောကြောင့် ဆင်းရဲသော ထိုတရားသည် အနတ္တာ= အလိုအတိုင်း ဖြစ်စေနိုင်သောတရားမဟုတ်၊ အနတ္တာ= မပျက်မစီးဘဲ အမြဲ တည်နေတဲ့ အတ္တမဟုတ်လို့ ဟောတော်မူတာပဲ။ (ချမ်းမြေ့ဆရာတော်)

(၂) ဝေဒနာနုပဿနာသတိပဋ္ဌာန်ဆိုတာ ဖြစ်ပေါ်လာသမျှခံစားမှုဝေဒနာအပေါင်းကို ရှုမှတ်ပြီး သိတာပါပဲ။

ဥပမာ- နာတယ်ဆိုတဲ့ဝေဒနာကို သာမန်ဆိုရင် အဆက်မပြတ်နာနေတယ်လို့ထင်ရတယ်။ ဒါပေမဲ့ သတိဦးစီးတဲ့စိတ်နဲ့ မပြတ်မလပ်စောင့်ကြည့်ရှုသိနေလို့၊ အာရုံစူးစိုက်မှုသမာဓိအား ကောင်းလာအသည့်ခါ နာနေသည့်ဝေဒနာသည် တဆက်တည်နာနေတာမဟုတ်ပဲ၊ နာ လိုက်၊ ပျောက်သွားလိုက်၊ ပြန်နာလိုက်နဲ့ ဆက်ကာဆက်ကာဖြစ်ပျက်နေတာကိုတွေ့ရမယ်။ ဒါကြောင့် ဝေဒနာဆိုတာမတည်မြဲ၊ ဆင်းရဲတယ်၊ အစိုမရလို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာကြီးသုံးပါးကို ရှုမြင်ဆင်ခြင်နိုင်တယ်။ အခြားဝေဒနာများကိုလည်းထိုကဲ့သို့ပင် ရှုမှတ်ဆင်ခြင်ပွားများနိုင်ပေသည်။ ထိုသို့ရှုမှတ်ဆင်ခြင်ပွားများခြင်းသည်ဝေဒနာနုပဿနာ သတိပဋ္ဌာန်ပင်ဖြစ်သည်။

(၃) စိတ္တာနုပဿနာသတိပဋ္ဌာန်ဆိုသည်မှာ စိတ် ၁၆- မျိုးကို ဖြစ်တိုင်းဖြစ်တိုင်းရှုမှတ်ပြီး သိနေ ခြင်းဖြစ်သည်။

ဝိပဿနာအလုပ်သည်စိတ်အလုပ်ဖြစ်သောကြောင့် စိတ်ကိုရှုသည့် စိတ္တာနုပဿနာသတိ ပဋ္ဌာန်သည် အလွန်အရေးကြီးပေသည်။ ထင်ထင်ရှားရှားဖြစ်ပေါ်သမျှစိတ်များကို ဖြစ်နေ ရှိနေသည့်အတိုင်း မလွတ်တမ်းရှုသိရပေသည်။ ဥပမာ စိတ်ဆိုးလျှင် ‘စိတ်ဆိုးတယ် စိတ် ဆိုးတယ်’လို့ ဖြစ်နေရှိနေသည့်အတိုင်း မလွတ်တမ်းရှုသိရပေသည်။ တစ်စုံတစ်ရာစဉ်းစား လျှင် စိတ်ကူးလျှင် ‘စဉ်းစားတယ် စိတ်ကူးတယ်’လို့ အရှိအတိုင်းရှုသိနေရပေသည်။ ထိုကဲ့ သို့ရှုရာတွင် စိတ်အဆိုကလေးကူပေးရပေသည်။ ထိုသို့ကူပေးမှသာ ရှုစိတ်က အရှုခံအာရုံ ကိုစူးစူးစိုက်စိုက်သိနိုင်ပေသည်။ သို့ရာတွင် ‘ငါစိတ်ဆိုးသည်၊ ငါ၏ဒေါသ’ဟု မရှုမှတ်မိ ရန်သတိပြုရပေမည်။ စိတ်ဆိုးအမျက်ထွက်နေသည့်စိတ်တစ်ခု၏အခြေအနေကို သတိဖြင့် စောင့်ကြည့်ခြင်း၊ ဂရုပြု၍မှတ်သားခြင်းသာဖြစ်စေရမည်။ (မဟာစည်ဆရာတော်) ထိုသို့ရှုခြင်းဖြင့် စိတ်များသည် တစ်ခုဖြစ်ပေါ်လိုက်၊ ပျက်သွားလိုက်၊ နောက်တစ်ခုဖြစ်ပေါ် လိုက်ဖြင့် စိတ်များ၏ဖြစ်ပျက်မှုအစဉ်ကိုရှုသိရပေသည်။ နာမ်ဆိုသည့်စိတ်သည် ဖြစ်လိုက် ပျက်လိုက်ဖြင့် စိတ်၏မတည်မြဲမှုကိုရှုသိပြီး၊ အနိစ္စ ဒုက္ခ အနတ္တဆိုသည့် လက္ခဏာကြီးသုံး ပါးကိုသိမြင်အောင်ရှုမှတ်ဆင်ခြင်ရပေသည်။ ထိုသို့ရှုမှတ်ဆင်ခြင်ခြင်းကိုပင် စိတ္တာနုပဿ နာသတိပဋ္ဌာန်ဟုခေါ်ပါသည်။

(၄) ဓမ္မာနုပဿနာသတိပဋ္ဌာန်ဆိုသည်မှာ နီဝရဏများကိုရှုပုံ၊ ခန္ဓာကိုရှုပုံ၊ အာယတနကိုရှုပုံ၊ ဗောဇ္ဈင်ကိုရှုပုံ၊ သစ္စာကိုရှုပုံဆိုပြီး ငါးမျိုးခွဲခြားပြီး မြတ်စွာဘုရားက ဟောကြာထားပါသည်။

သီလ၊ သမာဓိ၊ ပညာတိုးတက်စီပင်ရန် လေ့ကျင့်ပြုလုပ်ရသောကမ္မဋ္ဌာန်းမှာ ဓမ္မာနုပဿ နာကမ္မဋ္ဌာန်းဖြစ်ပေသည်။ သီလ၊ သမာဓိ၊ ပညာနှင့်ပတ်သက်သော စာပေသင်ကြားနာယူ ခြင်း၊ စာဖတ်ခြင်း၊ ဆွေးနွေးခြင်း၊ ဟောပြောခြင်း၊ ဆင်ခြင်သုံးသပ်ခြင်းများသည် ဓမ္မာနု ပဿနာလုပ်ငန်းတွင်အကျုံးဝင်ပေသည်။ စာအုပ်ကိုဖတ်ရှုလေ့လာ၍ စာအုပ်တွင်တင်ပြ ဆွေးနွေးထားသောသဘောတရားများကို နက်နက်နဲနဲတွေးတောဆင်ခြင်မှုသည်လည်း ကမ္မဋ္ဌာန်းထိုင်နည်တစ်နည်းပင်ဖြစ်ပေသည်။ တရားဆွေးနွေးပြောဆိုခြင်းသည်လည်း ကမ္မ ဋ္ဌာန်းစီးဖြန်းနည်းတစ်မျိုးပင်ဖြစ်ရကာ၊ အကျိုးရလဒ်မှာ နိဗ္ဗာန်ကိုမျက်မှောက်ပြုရခြင်းပင် ဖြစ်ပေသည်။ (မြတ်ဗုဒ္ဓဒေသနာ၊ စာ ၁၆၁-၁၆၂)။ အချုပ်အားဖြင့်ဆိုရပါမူ ဓမ္မာနုပဿနာသတိပဋ္ဌာန်ဆိုသည်မှာ မြတ်စွာဘုရားဟောကြား တော်မူခဲ့သောတရားတော်များသည်အကြွင်းမရှိမှန်ကန်တော်မူပြီး၊ သတ္တဝါများအား ဆင်းရဲ ဒုက္ခအပေါင်းမှလွတ်မြောက်ရာ မြတ်နိဗ္ဗာန်ကိုမျက်မှောက်ပြုစေနိုင်ကြောင်း အကြွင်းမဲ့ယုံ ကြည်ကာ၊ လေ့လာဆင်ခြင် ရှုမြင်ပွားများ အားထုတ်ခြင်းပင် ဖြစ်ပေသည်။

 သီလ သမာဓိ ပညာ အင်္ဂါ ၃-ရပ်ကိုပြည့်စုံအောင်ထူထောင်ခြင်းဖြင့် အဆုံးစွန်အေးငြိမ်းခြင်း၊ ချမ်းသာခြင်း၊လွတ်မြောက်ခြင်းဖြစ်သောနိဗ္ဗာန်ကိုမျက်မှောက်ပြုစေနိုင်ပေသည်။(မြတ်ဗုဒ္ဓဒေသနာ၊စာ-၁၁၅)

ရုပ်နာမ်ခန္ဓာကို တွယ်တာတပ်မက်သည့် တဏှာရှိနေသမျှ၊ သံသရာစက်ရဟတ်သည်အဆက် မပြတ်လည်ပတ်မြဲလည်ပတ်နေမည်သာဖြစ်သည်။ ယင်းစက်ရဟတ်ကိုခုတ်မောင်းနေသည့် အင်အား တည်းဟူသော ‘တဏှာ’ကို “အမှန်တရား သစ္စာ (ဝါ) နိဗ္ဗာန်” ကို မျက်မှောက်ပြုသော‘ပညာ’ဖြင့် ဖြတ် တောက်နိုင်မှသာ သံသရာစက်ရဟတ်အလည်ရပ်နိုင်ပေမည်။

ဤခန္ဓာကိုယ်ကြီးသည် အနိစ္စ(မမြဲ)၊ ဒုက္ခ(ဆင်းရဲတယ်)၊ အနတ္တ(အစိုမရ) ဆိုသောသဘောများကို ဝိပဿနာဉာဏ်ဖြင့်ထိုးထွင်းသိမြင်ပြီး၊ ဤခန္ဓာကိုယ်ကြီးကို စက်ဆုပ်ရွံရှာမုန်းတီးကာ မတွယ်တာ မတပ် မက် မစွဲလမ်းတော့မှသာ တဏှာကုန်ဆုံးရာ၊ တဏှာချုပ်ငြိမ်းရာ(တဏှာက္ခယ)နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင် မည်ဖြစ်ပေမည်။

 နိဗ္ဗာန်ကို ပညာရှိတို့သည် ၄င်းတို့၏ကိုယ်တွင်၌သာလျှင်မျက်မှောက်ပြုအပ်ရာသည်။ မဂ္ဂင်ရှစ်ပါး အကျင့်များကို စိတ်လက်ရှည်စွာ လုံးလဝီရိယနှင့် မှန်မှန်လျှောက်လှမ်းသွားခြင်းဖြင့် မိမိကိုယ်မိမိ စင်ကြယ် စေရန် ကျင့်ကြံအားထုတ်ကာ၊ လိုအပ်သော သီလ သမာဓိ ပညာနှင့်ပြည့်စုံပါလျှင် တစ်နေ့တွင် ကျွန်ုပ်တို့ သည် ကိုယ်တွင်း၌ပင်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပေရာသည်။ နားလည်ရန်ခက်ခဲသည့်စကားလုံးကြီးများဖြင့် စိတ်ရှုပ်ထွေးနေစရာမလိုပေ။ နိဗ္ဗာန်ကိုယခုဘဝ၌ပင်မျက်မှောက်ပြုနိုင်ပေသည်။ နိဗ္ဗာန်ကို‘ရောက်’ရန် သေ သည့်တိုင်အောင်စောင့်ဆိုင်းစရာမလိုပေ။ နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီး (အမှန်တရားကိုလက်ကိုင်ပြုပြီး)သူ သည် ဤကမ္ဘာတွင် စိတ်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တော့သည်။ (မြတ်ဗုဒ္ဓဒေသနာ၊ စာ ၁၀၃-၁၀၅)

ရုပ်အပေါင်း၊ ဝေဒနာအပေါင်း၊ စိတ်အပေါင်း၊ တရာဓမ္မအပေါင်း (ရုပ်နာမ်ဓမ္မသင်္ခါရတရား)တို့ကို သတိကပ်ပြီး သဘာဝအရှိအတိုင်း စူးစူးစိုက်စိုက် ရှုမှတ်ဆင်ခြင်နေခြင်းဖြင့် မကောင်းသောစိတ်အညစ် အကြေးများဖြစ်ပေါ်ဝင်ရောက်ခွင့်မရနိုင်ပဲ သီလမဂ္ဂင်၊ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်၊ မဂ္ဂင်ရှစ်ပါးစလုံးကို ပြည့်စုံစေပြီး အကောင်းအဆိုး အကြောင်းအကျိုးများကို ဝေဖန် ပိုင်းခြား ထိုးထွင်းသိမြင်နိုင်သော ဝိပဿနာ ဉာဏ်များဖြစ်ပေါ်ကာ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်ပြီး နိဗ္ဗာနမဂ်ဖိုလ်ကို ရက်တိုတိုဖြစ် လျင်မြန်စွာ မျက်မှောက်ပြုနိုင်ကြပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ (ဤကဲ့သို့ထိုးထွင်းသိမြင်နိုင် ရန်စိတ်သည် ကိလေသာအညစ်အကြေးအားလုံးကင်စင်ပြီး၊ ကမ္မဋ္ဌာန်းဝိပဿနာလုပ်ငန်းဖြင့်တန်ခိုးထက် မြက်လျက်ရှိရပေမည်။)

ညွှန်း
  • မြတ်ဗုဒ္ဓ ဒေသနာ။
  • မဟာစည်ဆရာတော် ဟောပြောသည့် ‘ကမ္ဘာ့သာသနာပြုတရားတော်’။ 
  • ချမ်းမြေ့ဆရာတော် ဟောကြားတော်မူသော “နံနက်ချိန်ခါသြဝါဒဒေသနာ’ 
  • ဗုဒ္ဓဘာသာကောင်းတစ်ယောက်။

No comments:

Post a Comment