ကျင့်ဝတ်များ

ဒီဃနိကာယ်အမှတ်- ၃၁ သိင်္ဂါလသုတ်တွင် မြတ်စွာဘုရားသည် လူဝတ်ကြောင်များ၏ အိမ်ထောင် ဘဝနှင့်လူမှုဆက်ဆံရေးကို မည်မျှအမြတ်တနိုး အလေးထားတော်မူကြောင်း တွေ့ရှိနိုင်ပေသည်။

သိင်္ဂါလအမည်ရှိ လုလင်တစ်ယောက်သည် သူ၏ဖခင်က ကွယ်လွန်ခါနီး ပြောကြားခဲ့သော ဆုံးမ သြဝါဒကို ကျင့်သုံးလိုက်နာသောအားဖြင့် အရှေ့အရပ်၊ တောင်အရပ်၊ အနောက်အရပ်၊ မြောက်အရပ်၊ အောက်အရပ်၊ အထက်အရပ်-တည်းဟူသော အရပ်ခြောက်မျက်နှာကို အရိုအသေ အလေးပြုလျက် ရှိခိုး ပူဇော်လေ့ရှိလေသည်။

 မြတ်စွာဘုရားက ထိုလုလင်အား အရိယာတို၏ သာသနာ၌ ရှိခိုးအပ်သောအရပ်ခြောက်ပါးဟူသည် မှာ မိဘတို့သည် အရှေ့အရပ်မည်ကုန်၏။ ဆရာတို့သည် တောင်အရပ်မည်ကုန်၏။ သားမယားတို့သည် အနောက်အရပ်မည်ကုန်၏။ အဆွေခင်ပွန်း၊ ဆွေမျိုးသားချင်းနှင့် အိမ်နီးနားချင်းတို့သည် မြောက်အရပ်မည် ကုန်၏။ အစေအပါး အလုပ်သမားတို့သည် အောက်အရပ်ဖြစ်၍ သမဏ ဗြဟ္မဏတို့သည် အထက်အရပ် မည်ကုန်၏။

ဤအရပ်ခြောက်မျက်နှာကိုသာလျှင် ရှိခိုအပ်ကုန်၏ ဟု မြတ်စွာဘုရားက ရှင်းလင်းဟောပြ တော်မူ၏။ ဤ၌ ရှိခိုးခြင်း (နမဿိယ)ဟူသောစကားလုံးသည် လွန်စွာအရေးကြီး၍ အဓိပ္ပာယ်လေးနက်ပေ သည်။ ရှိခိုးသည်ဆိုရာ၌ အထွတ်အမြတ်ထားဖွယ်၊ ဂုဏ်ပြုဖွယ်ရှိသည်ကိုသာ ရှိခိုးပူဇော်မြဲဖြစ်ပေသည်။ အထက်ဖေါ်ပြပါ မိသားစုနှင့်ဆရာသမား၊ ဆွေမျိုးသင်္ဂဟ အစရှိသည့် လူ့အဖွဲ့အစည်းခြောက်မျိုးကို ဗုဒ္ဓဝါဒ အရ အထွတ်အမြတ်ထားဖွယ်၊ ရိုသေလေးစားဖွယ်၊ ရှိခိုးပူဇော်ဖွယ်ရာဖြစ်သည်ဟု ယူဆထားပေသည်။ ယင်းအဖွဲ့ အုပ်စုခြောက်ခုကို မည်ကဲ့သို့ ‘ရှိခိုးပူဇော်’ ကြရပေသနည်း။ ယင်းတို့အား မိမိက ပြုစုအပ်သော ဝတ္တရားများကို မလစ်မလပ် လေးစားပြုစုခြင်းဖြင့် ရှိခိုးပူဇော်ရာပေသည်ဟု မြတ်စွာဘုရားက ဟောကြာ တော်မူပေသည်။ ဤပြုစုအပ်သောဝတ္တရားများကို သိင်္ဂါလောဝါဒသုတ်တွင် ရှင်းလင်းဖော်ပြထားပေသည်။

သား သမီးကျင့်ဝတ်

မိဘများသည် သားသမီးများအတွက် အထွတ်အမြတ် ဖြစ်ပေသည်။ မိဘကို (ဗြဟ္မာတိ မာတာပိတရော) ဗြဟ္မာဟုခေါ်ကြောင်း ဗုဒ္ဓကဟောကြားပေသည်။ ဗြဟ္မာဟူသောစကားလုံးသည် အိန္ဒိယ အတွေးအခေါ် အယူအဆ၌ အထွတ်အထိပ်အကျဆုံး၊ အမွန်မြတ်ဆုံး သဘောအဓိပ္ပာယ်သက်ရောက်ပေရာ ဗုဒ္ဓက မိဘများကို အမြင့်မြတ်ဆုံးသောအရာအဖြစ်ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓ အဆုံးအမကို ကောင်းစွာ လိုက်နာကြသော အိမ်ထောင်စုများတွင် သား သမီးများသည် မိဘများအား နေ့စဉ်နေ့တိုင်း ည နံနက် လက်အုပ်ချီ၍ ရှိခိုးပူဇော်ကြကုန်၏။ အရိယာတို့၏ သာသနာတော်အရ မိဘများ အား သားသမီးများက ပြုအပ်သော ဝတ္တရားများကို ချအပ်ထားပေသည်။
၁။ အသက်အရွယ်ကြီးပြင်းသော မိဘများအား သားသမီးများက ကောင်းစွာကောင်းစွာစောင့်ရှောက် ပြုစုအပ်ပေသည်။
၂။ မိဘများကိုယ်စား လုပ်ဆောင်ဖွယ်ရာ အမှုကိစ္စဟူသမျှကို လုပ်ဆောင်ပေးရသည်။
၃။ မိမိအမျိုးအနွယ်ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်၍ မိရိုးဖလာ အစဉ်အလာများကို မပျက် တည်စေရ၏။
၎။ မိဘတို့ရှာဖွေစုဆောင်းထားသော ဥစ္စာပစ္စည်းများကို မပျောက်မပျက်အောင် စောင့်ထိန်းရ၏။
၅။ မိဘတို့ကွယ်လွန်သော် ထုံးတမ်းစဉ်လာအရ ကောင်စွာဖုတ်ကြည်းသင်္ဂြိုဟ်၍ ကုသိုလ်ကောင်းမှု များပြုလုပ်ပြီး မိဘများကို အမျှအတမ်းပေးဝေရပေသည်။

မိဘကျင့်ဝတ်

မိဘများကလည်း အတုံ့အလှည်အားဖြင့် သားသမီးများအပေါ်ပြုအပ်သည့်တာဝန်ဝတ္တရားများရှိပေ သည်။ ၁။ မိဘများသည် သားသမီးများအား မကောင်းသော ဒုစရိုက်အကျင့်များမှ တားမြစ်ရကုန်၏။ ကောင်း သော အကျိုးရှိသောအမှုများ၌ သက်ဝင်စေကုန်ရာ၏။
၂။ ကောင်းသော အတတ်ပညာကို သင်ကြားစေ၍ လျောက်ပတ်သောအိမ်ထောင်စုမှသားသမီများနှင့် ထိမ်းမြားပေးကုန်ရာ၏။
၃။ လျောက်ပတ်သောအချိန်၌ အမွေဥစ္စာပစ္စည်းများကို ခွဲဝေအပ်နှင်းပေးကမ်းရာ၏။

တပည့်ကျင့်ဝတ် 

၁။ တပည့်ဖြစ်သူသည် ဆရာအား ရိုသေလေးစား၍ ဆရာ၏ ဆိုဆုံးမစကားကို နာယူမှတ်သားရသည်။
၂။ ဆရာ၏အမှုကိစ္စများကို လိုအပ်သလို ပြုစု ဆောင်ရွက်ပေး၍ အတတ်ပညာကို ရိုသေလေးစားစွာ သင်ယူ လေ့ကျက်ရသည်။

ဆရာ့ကျင့်ဝတ်

၁။ ဆရာကလည်း သူ၏ဝတ္တရားအဖြစ် တပည့်အား ဆုံးမပဲ့ပြင်သင့်သောအရာတွင် ကောင်းစွာဆုံးမ၍ ကောင်းစွာသင်ကြားသင့်သည်ကို သင်ကြားပေးရကုန်သည်။
၂။ ကောင်းသော အဆွေခင်ပွန်းတို့ထံ၌ အပ်နှင်းကုန်လျက် အတတ်ပညာပြည့်စုံသောအခါ၌ တပည့် အတွက် အလုပ်အကိုင်ရှာဖွေပေးခြင်း၊ ဘဝ (စားဝတ်နေရေး)လုံခြုံစိတ်ချစေရန် ကြိုးစားဆောင် ရွက်ပေးခြင်း ပြုလုပ်ရသည်။

လင့်ကျင့်ဝတ်

လင်နှင့်မယားအချစ်ကို အမြတ်တနိုး လွန်စွာလေးစားအပ်သည်ဟု သတ်မှတ်ထားသောကြောင့် မြင့်မြတ်သော အိမ်ထောင်သည်ဘဝ (သဒါရ-ဗြဟ္မာစရိယ)ဟု သမုတ်အပ်၏။ ဤတွင်လည်း ဗြဟ္မာ ဟူသောစကားလုံး၏ လွန်စွာလေးနက်သောအဓိပ္ပာယ်ကို သတိပြုရာသည်။ လင်နှင့်မယားဆက်ဆံ ရေးကို အမြင့်မားဆုံး လေးစားမှုပြုထားခြင်းဖြစ်ပေသည်။ လင်နှင့်မယားသည်

တစ်ဦးနှင့်တစ်ဦး လသစ္စာစောင့်ထိန်း ရိုသေလေးစား၍ အမြတ်တနိုးရှိကြရပေသည်။ တစ်ဦးနှင့်တစ်ဦး ပြုအပ်သည့်ဝတ္တရားများရှိရာတွင် လင်ဖြစ်သူသည် မိမိမယားအား အမြတ်တနိုး ဂုဏ်ပြုခေါ်ဝေါ်ခြင်း၊ မည်သည့်အခါမျှ မလေးမစား နှိမ့်ချ မခေါ်ဝေါ်ရခြင်း၊ မိမိမယားကို အစဉ်မြတ် နိုး၍ အခြားမိန်မိန်မနှင့်မဖေါက်ပြန်ရခြင်း၊ လျောက်ပတ်သောနေရာပေး၍ အိမ်မှုကိစ္စအဝဝကို သက် သာစွာဆောင်ရွက်နိုင်ရန် စောင့်ရှောက်ခြင်း၊ အဝတ်တန်ဆာ လက်ဝတ်ရတနားများပေးကမ်း၍ ရွှင် လန်းဝမ်းမြောက်စေခြင်းစသော လင့်ဝတ်များကို ကျေပွန်စေရာသည်။

မယားကျင့်ဝတ်

မယားကလည်း အတုံ့အလှည်အားဖြင့် အိမ်ထောင်၏ပြုဖွယ်ကိစ္စများကို ကောင်းစွာ အုပ်ချုပ်စီရင် ခြင်း၊ ညဥ့်အိပ်ညဥ့်နေ ရောက်ရှိလာသူဧည့်သည်၊ အလည်အပတ်လာသူ မိတ်ဆွေ၊ ဆွေမျိုးသား ချင်းနှင့် အစေအပါး အလုပ်သမားတို့အား ဧည့်ဝတ်ကျေပွန်စွာ ပြုစုကျွေးမွေးခြင်း၊ မိမိလင်သား ရှာ ဖွေစုဆောင်းခဲ့သော ဥစ္စာစည်းစိမ်ကို ထိန်သိမ်းစောင့်ရှောက်ခြင်း၊ အလုံးစုံသော ကိစ္စတို့၌ လိမ္မာ၍ ပျင်းရိခြင်းကင်းခြင်းဖြင့် မိမိတာဝန်များကို ကျေပွန်စေရာသည်။

မိတ်ဆွေကျင့်ဝတ်

၁။ အချင်းချင်း ဖော်ရွေ ခင်မင်စွာဆက်ဆံ၍ စေတနာမေတ္တာထားရှိရသည်။
၂။ သာယာညင်းပြောင်းစွာ သင့်မြတ်သောစကား ပြောဆိုရသည်။
၃။ တစ်ဦးအကျိုး တစ်ဦးဆောင်ရွက်ရသည်။
၎။ တစ်ဦးနှင့်တစ်ဦး တန်းတူရည်တူထား၍ ဆက်ဆံရသည်။
၅။ အချင်းချင်း ခိုက်ရန်ဖြစ်ပွား အငြင်းမပွားရ။
၆။ လိုအပ်သောအကူအညီပေး၍ စောင့်ရှောက်ရသည်။
၇။ ဘေးအန္တရာယ်ကြုံတွေ့သောအခါ၌ စွန့်ပစ်ထွက်ခွာ မသွားအပ်ကုန်။

အလုပ်ရှင်ကျင့်ဝတ်

အရှင်သခင်၊ သို့မဟုတ် အလုပ်ရှင်သည် သူ၏အစေအပါး၊ သို့မဟုတ် အလုပ်သမားအပေါ်၌ ထားရှိ အပ်သည့် တာဝန်ဝတ္တရား အများအပြားရှိပေသည်။
၁။ အလုပ်လုပ်နိုင်သော အရည်အချင်းနှင့်ခွန်အား အလျောက် အလုပ်တာဝန်ကို ခွဲခြားချထားပေးရ သည်။
၂။ သင့်လျော်လျောက်ပတ်သည့် အခကြေးငွေကို ပေးကမ်းရသည်။
၃။ နာမကျန်းဖြစ်သော် ဆေးဝါးကုသ စောင့်ရှောက်ရသည်။
၎။ အခါအားလျော်စွာ အဝတ်တန်ဆာ စသည် စွန့်ကြဲခြင်း၊ အထူးဆုအဖြစ် ငွေကြေးပေးခြင်းများပြုရ သည်။

အလုပ်သမားကျင့်ဝတ်

၁။ စေအပါး၊ သို့မဟုတ် အလုပ်သမားသည် အပြန်အလှန်အားဖြင့် ပျင်ရိခြင်းကင်း၍ ထကြွလုံးလရှိရ သည်။
၂။ မိမိအရှင်သခင် အလုပ်ရှင်အပေါ် ရိုးသားဖြောင့်မတ်ရသည်။
၃။ စကားနာခံရသည်။
၎။ ကောက်ကျစ်စဉ်းလဲခြင်း မရှိရ။
၅။ အခါခပ်သိမ်း အလုပ်ဝတ္တရားကို စိတ်ပါလက်ပါ ကျေပွန်စွာ ထမ်းဆောင်ရသည်။

သမဏ ဗြဟ္မဏ (ရဟန်းသံဃာ)နှင့် လူဝတ်ကြောင် အမျိုးကောင်းသားတို့ ဆက်ဆံရေး

ရဟန်း သံဃာတို့အား လိုအပ်သော ဝတ္ထုပစ္စည်းများကို လူဝတ်ကြောင် အမျိုးကောင်းသား အမျိုး ကောင်းသမီးတို့သည် မေတ္တာနှင့်ယှဉ်သော ပေးအပ်လှူဒါန်းမှုဖြင့် စောင့်ရှောက်အပ်သည်။

 ရဟန်းသံဃာများကလည်း ဖြူစင်သောမေတ္တာ၊ ကရုဏာအပြည့်အဝဖြင့် လူဝတ်ကြောင် အမျိုး ကောင်းသား အမျိုးကောင်းသမီးတို့အား တရာဓမ္မဟောပြဆုံးမ၍ အသိဉာဏ်ရင့်သန်စေပြီး မကောင်းမှုမှတားမြစ်ကုန်ရာ၏။ ကောင်းမှု၌ သက်ဝင်စေရာ၏။

ညွှန်း - RAHULA, WALPOLA: What the Buddha Taught: ကို ဇေယျာမောင်(ဦးကိုလေး) မြန်မာပြန် ဆိုသည့် မြတ်ဗုဒ္ဓဒေသနာ၊ အဋ္ဌမအကြိမ်၊ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ။ စာ ၁၇၀-၁၇၄။

 

ဒီဃနိကာယ် အမှတ် ၃၁ သိင်္ဂါလသုတ်တွင် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် လူဝတ်ကြောင်များ၏ အိမ်ထောင်ဘဝနှင့်လူမှုဆက်ဆံရေးကျင့်ဝတ်များ။ 


သားသမီးကျင့်ဝတ် ၅-ပါး

ကျွးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သား သမီးတို့တာ။

မိဘကျင့်ဝတ် ၅-ပါး 


မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။

တပည့်ကျင့်ဝတ် ၅-ပါး 

ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီး, လုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။

ဆရာ့ကျင့်ဝတ် ၅-ပါး 

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ဝတ်ငါးဖြာ။

လင်ကျင့်ဝတ် ၅-ပါး 

မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊ မြတ်နိုးကျင်၊ ငါးအင်လင်ကျင့်ရား။

မယားကျင့်ဝတ် ၅-ပါး 

အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။

မိတ်ဆွေကျင့်ဝတ် ၅-ပါး

  ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊ ကျင့်လေမိတ်သဟာ။

အလုပ်ရှင်ကျင့်ဝတ် ၅-ပါး 

ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင့်ဝတ်၊ မချွတ်ငါးခုသာ။

အလုပ်သမား ကျင့်ဝတ် ၅-ပါး 

အိပ်သော်နောက်ကျ၊ ထသော်ကား ရှေ့၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက် ကျွန်ကျင့်ရာ။

နာယကဂုဏ် ၆-ပါး 

ထကြွ, နိုးကြား၊ သနား, သည်းခံ၊ ဝေဖန်, ကြည့်ရှု၊ ဤခြောက်ခု၊ ကြီးသူ ကျင့်အပ်စွာ။

ညွှန်း - ဒေါက်တာမင်းတင်မွန်၊ ယဉ်ကျေးလိမ္မာ ရင်သွေးကမ္ဘာ၊ စာ ၁၄၇ - ၁၅၃။

မင်းကျင့်တရာ ၁၀ ပါး (ဒ သ ရာဇ ဓမ္မ) 

င်ငံအုပ်ချုပ်မင်းလုပ်သူများအား ပြည်သူပြည်သားများကို တရားနှင့်အညီအုပ်ချုပ်ရန် မြတ်စွာ ဘုရားက မင်းကျင့်တရာ ၁၀ ပါး (ဒဿရာဇ ဓမ္မ) တရားတော်ကို ဟောကြာတော်မူခဲ့ပေသည်။

ပထမ အင်္ဂါ။ ဒါန= ရက်ရောခြင်း၊ သဒ္ဓါတရားရှိခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း၊ အုပ်စိုးသူသည် ဓန ကြေးငွေ၊ ပစ္စည်းဥစ္စာ၌ စွဲလမ်းတပ်မက်ခြင်း၊ လိုချင်တောင့်တခြင်း မရှိရ၊ လူအများကောင်းကျိုး အတွက် စွန့်ကြဲပေးကမ်းရာသည်။

ဒုတိယ အင်္ဂါ။ သီလ= မြင့်မားသော အကျင့်သီလ၊ စာရိတ္ထ၊ သက်ရှိသတ္တဝါများကို ဖျက်ဆီးသတ် ဖြတ်ခြင်း၊ သူတစ်ပါးဥစ္စာပစ္စည်းကို လိမ်လည်ကောက်ကျစ် ခိုးယူခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ သူတစ်ပါး သားမယားကို ပြစ်မှားကျူလွန်ခြင်း၊ မဟုတ်မမှန် ပြောဆိုခြင်း၊ သေရက် သောက်စားမူးယစ်ခြင်းတို့ ကို လုံးဝရှောင်ကြဉ်ရမည်။ အနည်းဆုံး လူဝတ်ကြောင်တို့၏ အကျင့်သိက္ခာဖြစ်သော ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းရမည်ဟု ဆိုလိုသည်။

တတိယ အင်္ဂါ။ ပရိစ္ဆာဂ= လူအများကောင်းကျိုးအတွက် အရာရာစွန့်လွှတ်နိုင်ခြင်း၊ လူထုအကျိုး ကျေးဇူးကို ရှေးရှု၍ မိမိတစ်ကိုယ်ရည်ကောင်းစားမှု၊ မိမိ၏နာမည်ကောင်းမှု၊ ကျော်ကြားမှု စသည် တို့အပြင် မိမိအသက်ကိုပင် စွန့်လွှတ်နိုင်ရန် ဝန်မလေးဘဲ အဆင်သင့်ဖြစ်နေကြရမည်။

စတုတ္ထ အင်္ဂါ။ အဇ္ဇဝ= ရိုးသားဖြောင့်မတ်ခြင်း၊ တော်တည့်မှန်ကန်ခြင်း၊ မိမိဝတ္တရားဆောင်ရွက်ရာ တွင် စိုးရိမ်ကြောက်လန့်ခြင်း၊ မျက်နှာလိုက်ခြင်း ကင်းရှင်းစေရမည်။ စေတနာရည်ရွယ်ချက် သန့် ရှင်းစွာထား၍ အများပြည်သူများအား လိမ်လည်လှည့်ဖြားခြင်း မပြုရ။

ပဉ္စမ အင်္ဂါ။ မဒ္ဒဝ= ကြင်နာသနားခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ သင့်မြတ်ကောင်းမွန်သော စိတ်သဘော ထားရှိရမည်။ ဆဋ္ဌမ အင်္ဂါ။ တပ= ခြိုးခြံစွာနေတတ်ခြင်း။ ရိုးရိုးနေထိုင် ရိုးရိုးဝတ်စားဆင်ယင်၍ စည်စိမ်ယစ်မူးစွာ နေထိုင်မှုကို ရှောင်ကြဉ်ရမည်။ မိမိကိုယ်မိမိ ချိုးနှိမ်နိုင်ရမည်။

သတ္တမ အင်္ဂါ။ အက္ကောဓ= အမျက်ထွက်ခြင်း၊ မလိုမုန်းတီးခြင်း၊ ရန်ငြိုးဖွဲ့ခြင်းများမှ ကင်းခြင်း။ မည် သူ့အပေါ်မှ ရန်လိုမှု ရန်ငြိုးထားမှု မရှိစေရ။

အဋ္ဌမ အင်္ဂါ။ အဝိဟိံသ= ညှင်ဆဲနှိပ်စက်မှု မပြုခြင်း။ ဤတွင် မည်သူ့ကိုမျှ အန္တရယ်မဖြစ်စေရုံသာ မဟုတ်၊ မည်သည့်စစ်မက် ဖက်ပြိုင်မှုနှင့်တကွ မည်သည့်အကြမ်းဖက်မှုမျိုး၊ သတ်ဖြတ်မှုမျိုးမျှ မဖြစ် စေရန် ကာကွယ်တားမြစ် ရောင်ရှား၍ ငြိမ်းချမ်းရေးကို ထူထောင် တည်ဆောက်ရမည်။

နဝမ အင်္ဂါ။ ခန္တီ= စိတ်လက်ရှည်ခြင်း၊ အောင့်အည်းခြင်း၊ သည်းညည်းခံခြင်း၊ နာလည်မှုရှိခြင်၊ အခက်အခဲများ၊ ဒုက္ခဆင်းရဲခြင်းများနှင့် မထီမဲ့မြင်ပြုမှု၊ စော်ကားရန်စမှုများကို အမျက်ဒေါသမ ထွက်ဘဲ ရင်ဆိုင်နိုင်ရမည်။ သည်းခံနိုင်ရမည်။

ဒသမ အင်္ဂါ။ အဝိရောဓ= မဆန့်ကျင်ခြင်း၊ မပိတ်ပင်ခြင်း၊ လူအများ၏ ဆန္ဒသဘောကို မဆန့်ကျင် ရ။ လူအများအတွက် အကျိုးရှိစေမည့်လုပ်ငန်းဆောင်တာများကို မပိတ်ပင် မတားဆီးရ၊ တိုင်းသူ ပြည်သား လူအများနှင့်သဘောညီညွတ်စွာ အုပ်ချုပ်ရမည်ဟု ဆိုလိုသည်။ ကဲ- ဘယ်သူ့ကို သမ္မတရွေးကြမလဲ?

ညွှန်း - RAHULA, WALPOLA: What the Buddha Taught: ကို ဇေယျာမောင်(ဦးကိုလေး) မြန်မာပြန် ဆိုသည့် မြတ်ဗုဒ္ဓဒေသနာ၊ အဋ္ဌမအကြိမ်၊ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ။ စာ-၁၈၂ -၁၈၄။

ရာဇဝတ်မှု အမြစ်ပြတ်ဖယ်ရှင်းရန်-

 ပြည်သူပြည်သားတို၏စီးပွားရေးအခြေအနေ တိုးတက်ကောင်း မွန်လာစေရန် အုပ်စိုးသူများက စီမံ ဆောင်ရွက်ပေးရမည်။
  •  တောင်သူလယ်သမားနှင့် သီးနှံစိုက်ပျိုးသူများအား စိုက်ပျိုးရေးအတွက် လိုအပ်သော ပစ္စည်းကိရိရာ အကူအညီအလုံးစုံကို ထောက်ပံပေးရမည်။ 
  • အရောင်းအဝယ် ကုန်သွယ်ဖောက်ကားသူများအား ရင်းနှီးမ-တည်ငွေ ထူထောင်ပေးရမည် 
  • အလုပ်သမားများအား ထိုက်သင့်သော အခကြေးငွေ ပေးကမ်းရမည် 
ဟု ဗုဒ္ဓမြတ်စွာက အကြံဉာဏ်ပေးခဲ့ပေသည်။ (ဒီဃနိကာယ်၊ ကူဋဒန္တသုတ်)

No comments:

Post a Comment