“အနတ္တ” တရားတော်နှင့်ပတ်သက်သော သိပံ္ပပညာတွေ့ရှိချက်များ

စာဖတ်သူများအနေဖြင့် မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားတော်များသည် မည်သည့်ဒေသ၊ မည်သည့်အခါကာလ၊ မည်သည့်အခြေအနေမျိုးတွင်မဆို မဖေါက်မပြန် အကြွင်းမဲ့မှန်ကန်တော်မူကြောင်း သိပံ္ပပညာ၏တွေ့ရှိချက်များကို ဖတ်ရှုသိမြင်ရခြင်းဖြင့် မြတ်စွာ ဘုရားနှင့်တကွ မြတ်စွာဘုရားဟောကြားတော်မူခဲ့သောတရားတော်များကို ပိုမိုကြည်ညိုသဒ္ဓါပွား များစေရန်ရည်သန်လျက် ဤ “အနတ္တ”တရားတော်နှင့်ပတ်သက်သော သိပံ္ပပညာတွေ့ရှိချက်များ ကို ရေးသားတင်ပြအပ်ပါသည်။

 မြတ်စွာဘုရားအဓိကဟောကြားခဲ့သောတရားတော်များတွင် ပေါင်းစပ်ထားသောရုပ်နာမ် တရားအားလုံး၊ ရုပ်နာမ်ဖြစ်ရပ်များ၏မတည်မြဲခြင်း၊ “ဝိညာဉ်” (ဝါ) “အတ္တ”ဟူ၍မတည်ရှိခြင်း သို့မဟုတ် လောကီ လောကုတ္တရာတရားတို့၌ ခိုင်မြဲသောဒြပ် အနှစ်အသားမရှိခြင်းနှင့် အဆက် မပြတ် ပြောင်းလဲနေသောဖြစ်စဉ်၌ ထာဝရတည်မြဲသောကောင်းကင်ဘုံဟူ၍မရှိခြင်းများကို ဟော ကြားထားပေသည်။

“အနတ္တ” (ဝါ) “အတ္တမရှိခြင်း” သဘောသည် ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သော တရားတော်များအားလုံး၏ ဗဟိုမဏ္ဍိုင်ဖြစ်ပေသည်။ “အနတ္တ” သဘောကိုသင်ကြားပေးခြင်း၌ လေးနက်သိမ်မွေ့သော ကိုယ်ကျင့်တရားတန်ဖိုးရှိပေသည်။ လူတို့သည် “အတ္တ” ကို အမှန် တကယ်ရှိသည်ဟု ယုံကြည်နေသမျှကာလပတ်လုံး တစ်ကိုယ်ကောင်းဆန်ခြင်းကို စွန့်ပယ်နိုင်လိမ့် မည်မဟုတ်။ “အတ္တ” (ဝါ) ငါ၊ ငါ့သား၊ ငါ့မယား၊ ငါ့ဥစ္စာဟူသော တပ်မက်မှုတဏှာကြောင့် လောဘ ဒေါသ မောဟ အစရှိသော ကိလေသာအညစ်အကြေးတို့ကိုဖြစ်ပေါ်စေပေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် “အတ္တ” (ဝါ) “ငါ” ရှိသည့်နေရာတိုင်း၌ စင်ကြယ်သောကိုယ်ကျင့် သီလမရှိနိုင်” ဟု မိန့်ဆိုတော်မူခဲ့ပေသည်။

‘ငါ’ ဟူသောယူဆချက်ကို မောင်းထုတ်လိုက်စမ်းပါ၊ ကိုယ်ကျိုးစွန့်၍ အများအကျိုးသယ်ပိုး ခြင်းသည် ၄င်း၏နေရာမှန်ဖြစ်သော ကိုယ်ကျင့်တရား အခြေခံပေါ်တွင် ပြန်လည်နေရာရပြီးသား ဖြစ်သွားပေလိမ်မည်။ “THE SUPREME SCIENCE OF THE BUDDHA”, P 113-114.

“အနတ္တ” ဆိုသည်မှာ အလုံးစုံသော ဘုံသုံးပါးတို့၌ဖြစ်သော အရာဟူသမျှသည် “အတ္တ” မဟုတ် ငါမဟုတ၊် အနှစ်အသားမရှိ၊ မိမိအလိုအတိုင်းမဖြစ်၊ အစိုးမရဟု အဓိပ္ပါယ်ရပေသည်။

နာမ်နှင့်ရုပ်-သဘာဝဖြစ်ရပ်များနှင့်ပတ်သက်ပြီး ဗုဒ္ဓ၏အမြင်မှာ ၄င်းဖြစ်ရပ်အားလုံးသည် အစစ်အမှန်မဟုတ်ဘဲ အမြင်မှားခြင်း (illusion)များသာဖြစ်ကြပေသည်။ ရုပ်ဝတ္ထုအကောင် အထည်အနေဖြင့်မြင်တွေ့နေရခြင်းမှာ အစစ်အမှန်မဟုတ်ဘဲ ထင်ယောင်ထင်မှားဖြစ်ခြင်း (illusion)သာဖြစ်ကြောင်း မြတ်စွာဘုရားသည် မီးလုံးကြီးကိုသာဓကပြ၍ ဟောကြားတော်မူခဲ့ပေ သည်။

မီးလုံးကြီးတစ်လုံးကို စက်ဝိုင်းလမ်းကြောင်းအတိုင်း လျင်မြန်စွာလှည့်ပတ်ခြင်း ဖြင့် မီးကွင်း ကြီးတစ်ခုသဖွယ် အချိန်ကာလတစ်ခုမျှ မြင်တွေ့ကြရပေမည်။ ဤမြင်တွေ့ရသော မီးကွင်းကြီးမှာ အမှန်တကယ်မီးကွင်းကြီးမဟုတ်ဘဲ ထင်ယောင်ထင်မှားဖြစ်ခြင်း (illusion)သာဖြစ်ပေသည်။ ဤဥပမာမှ အချို့သောအခြေအနေများနှင့် အချိန်ကာလတစ်ခုအတွင်း၌ ရွေ့လျားမှုသည် တည်ငြိမ် မှုဟူသောအမြင်မှားကို ဖန်တီးပေးနိုင်ကြောင်း ကျွန်ုပ်တို့ သိရပေသည်။

ပတ္တမြားအစစ်၊ စိန်အစစ်တို့သည် ပွတ်တိုက်လေလေ၊ အရောင်တောက်ပြောင်လာလေ လေ ဖြစ်သကဲ့သို့ ဗုဒ္ဓတရားတော်များသည်လည်း ဆန်းစစ်လေလေ ပိုမိုတောက်ပြောင် မှန်ကန် လာလေလေပင်ဖြစ်သည်။ သိပံ္ပပညာ၏တိုးတက်မှုသည် ဗုဒ္ဓတရားတော်များ၏မှန်ကန်မှုကို ပိုမို ပေါ်လွင်ထင်ရှားလာစေပေသည်။

သက်ရှိသတ္တဝါအတွင်း ဖြစ်ပေါ်လျက်ရှိသော METABOLISMခေါ် ဇီဝဖြစ်စဉ်များကို လေ့ လာကြည့်ပါက၊ သက်ရှိသည် စားသောက်လိုက်သော အစာအဟာရ ရုပ်ဝတ္ထုများကို သက်ရှိ ကလပ်စည်းများအဖြစ် ပြုပြင်ဖွဲ့စည်းလိုက်(ANABOLISM)ပြီး ၊ တဆက်တည်းမှာပင်၊ ၄င်းသက်ရှိ သွားလာ လှုပ်ရှား လုပ်ကိုင်ရန်လိုအပ်သောစွမ်းအင်ရရှိရေးအတွက် ယင်းသက်ရှိကလပ်စည်းများ ကို ပြန်လည်ဖြိုခွဲ(CATABOLISM)ပြီး ၊ ဇီဝရုပ်ကြွင်းများအဖြစ်ပြောင်းလဲလိုက်ပြန်သည်။ ယင်းဇီဝ ဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့်၊ သက်ရှိ ကလပ်စည်းများသည် အလွန်လျင်မြန်စွာ ဖြစ်လိုက် ပျက်လိုက် စဉ်ဆက်မပြတ်ဖြစ်နေခြင်းကြောင့်သာ ရုပ်ဝတ္ထု အကောင်အထည်အဖြစ် ထင်မှတ်နေ ကြခြင်းသာဖြစ်ပေသည်။ အထက်တွင်ဖေါ်ပြခဲ့သည့် မြတ်စွာဘုရားဥပမာပေးခဲ့သော အလွန်လျင် မြန်စွာလှည့်ပတ်နေသည့် မီးလုံးကြီးကို မီးကွင်းကြီးသဖွယ် ထင်မှတ်နေခြင်းမျိုးပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ခန္ဓာကိုယ်ဟုထင်မှတ် နေသောအရာမှာ သက်ရှိကလပ်စည်းများ၏ ဖြစ်ပျက်မှု အစဉ်မျှသာဖြစ်ပြီး၊ ငါ၊ ငါ့ကိုယ်၊ ငါ့ဝိညာဉ်ကောင်ဟူ၍ အနှစ်အသား တစ်စုံတစ်ရာမျှမရှိ၊ ဗလာ၊ နတ္ထိပင်ဖြစ်သောကြောင့်၊ မြတ်စွာဘုရားဟောကြားတော်မူခဲ့သော “အနတ္တ“ တရားတော်မှာ မှန်ကန်ကြောင်း ဇီဝဗေဒသဘော တရားအရ တွေ့ရှိရပေသည်။

တဖန် ရူပဗေဒပညာရှုထောင့်မှကြည့်ပြန်လျှင်လည်း- ကျောက်တုံးတစ်တုံးသည် ကျွန်ုပ်တို့ပကတိမျက်စေ့ဖြင့်မြင်တွေ့ရသည့်အတိုင်း အတိအကျ ပင် အစိုင်အခဲဖြစ်ပေသည်။ သို့သော် ရူပဗေဒပညာရှင်များကမူ ယင်းကျောက်ခဲကို ခဏမစဲရွေ့ လျားနေသောအဏုမြူအမှုန်ကလေးများ၏ အစုအဖွဲ့တစ်ခုဟုသာ ဆိုကြပေလိမ့်မည်။ ထိုအမှုန် ကလေးများသည် ဆွဲငင်ခြင်းများနှင့်တွန်းကန်ခြင်းဆိုင်ရာ အီလက်ထရွန်နစ်နိယာမများအရ တစ်ပေါင်း တည်းစုဖွဲ့နေရန် ထိန်းထားခြင်းသာဖြစ်ပေသည်။ အမှန်တွင် အီလက်ထရွန်များ၏ ဒြပ်အားလုံးသည် ၄င်း၏လျှပ်စစ်ဓာတ်ကြောင့်ဖြစ်ကြောင်းကို လက်တွေ့စမ်းသပ်ချက်များကဖေါ် ပြခဲ့ပေသည်။ ဤအချက်သည် ဒြပ်ဝတ္ထု၌ ရုပ်အနှစ်အသားမရှိကြောင်းကို ငြင်းဆို၍မရအောင် သက်သေပြခဲ့သည့်အပြင် ဒြပ်သည် စွမ်းအင်သန့်သန့်မျှသာဖြစ်ကြောင်း သက်သေပြလာနိုင်ခဲ့ပေ သည်။ ထို့ကြောင့် သိပံ္ပပညာ၏တွေ့ရှိချက်များအရ၊ ကျွန်ုပ်တို့သည် ရုပ်လောကတစ်ခုလုံးကို ထင်ယောင် ထင်မှားဖြစ်ခြင်း (illusion) သာဖြစ်သည်ဟုဆိုရပေလိမ့်မည်။ ဤအမြင်မှားနေသော လောကကြီး၌ စွမ်းအင်သည် ဒြပ်ဝတ္ထုအဖြစ် အသွင်အမျိုးမျိုးဖြင့် ဟန်ပါပါသရုပ်ဆောင်လျက် ရှိပေသည်။

ဤသို့လျှင် မြတ်စွာဘုရား၏ ရုပ်နာမ်ဖြစ်ရပ်များအပေါ်ရှုမြင်မှုများကို ယနေ့သိပ္ပံပညာက အမှန် တကယ်ပင် မှန်ကန်ကြောင်းအတည်ပြုပေးထားပေသည်။ အကြောင်းမှာ ကျွန်ုပ်တို့၏ အသိ အာရုံ များအရ မည်သို့ပင်ထင်မြင်နေစေကာမူ ရူပဗေဒကကျွန်ုပ်တို့အားတင်ပြပေးသော ရုပ်နာမ်ဖြစ်ရပ် ဆိုင်ရာကမ္ဘာ့ရုပ်ပုံလွှာသည်ကား အစိုင်အခဲသဘောမရှိ၊ ပုံသဏ္ဍာန်မရှိ၊ အနှစ်အသားမရှိပေ။ ဤအစိုင်အခဲ ပုံသဏ္ဍာန်၊ အနှစ်အသား သဘောတရားတို့ကို စကြဝဠာတစ်ခုလုံး မည်သည့်နေရာ တွင်မျှမမြင်တွေ့နိုင်ပေ။ ခဏမစဲ ဖြစ်ပျက် ပြောင်းလဲနေသော သန္တ တိ အစဉ် အဖြစ၊် အမြဲထာဝရ တည်ရှိနေကြသည့် အတူတကွပေါင်းစပ်ထားသော စွမ်းအင်များသာရှိပေသည်။

သိပံ္ပကမ္ဘာ၌ အလှည့်အပြောင်းသည် အဏုမြူကို ခွဲခြမ်းစိတ်ဖြာ၍ စွမ်းအင်အဖြစ်သို့ ဖြိုခွဲနိုင်သည့် အချိန်မှစတင်ခဲ့ပေသည်။ အဏုမြူမှ စွမ်းအင်အဖြစ်သို့ ပြိုကွဲခြင်းသည် ရောင်ခြည်တစ်မျိုးမှ အခြား တစ်မျိုးသို့ ကူးပြောင်းပေးသောနည်းစဉ်ဖြစ်သည်။ အီလက်ထရွန်အမှုန်များ၏ ခဏမစဲ ဆက်တိုက် ဖြစ်ပျက်သံသရာလည်နေခြင်းသာဖြစ်ပေသည်။

ထို့ကြောင့် ရူပဗေဒသဘောတရားအရ အစိုင်အခဲများဟူသည်မှာ ဟင်းလင်းပြင်နှင့်အချိန်တို့၏ အဆက်မပြတ်ဖြစ်ပျက်နေမှုအစဉ်၌ ဖြစ်ရပ်ငယ်များသာဖြစ်ကြပြီး၊ ရုပ်ဝတ္ထုဟူသည်မှာ အဓိက အားဖြင့် အနှစ်အသားမရှိ ဟင်းလင်းပြင်သာဖြစ်ပေသည်။

အစိုင်အခဲသည်ပင်လျှင် အာရုံများကပေးဆောင်သော မှားယွင်းသည့်အချက်အလက်များအပေါ် အခြေခံပြီး တီထွင်ထားသည့် အသုံးအနှုန်းဝေါဟာရတစ်ခုမျှသာဖြစ်သည်။ အစစ်အမှန်ဖြစ်သော အခြေခံဟူ၍မရှိပေ။ သို့ဖြစ်၍ အီလက်ထရွန်များမှအစ ကောင်းကင်တွင်သွားလာနေကြသော ကြယ်တာရာများအထိ မရွေ့လျားဘဲ တည်ငြိမ်နေသည့်အရာဟူ၍မရှိပေ။ မရွေ့လျားခြင်းဟူသည် မှာ ထင်မြင်ချက်မျှသာဖြစ်ပေသည်။

ဤသို့ဖြင့် သိပ္ပံပညာသည် ၄င်းနည်း ၄င်းဟန်ဖြင့် ဗုဒ္ဓဟောကြားတော်မူခဲ့သော “အနတ္တ” တရား တော်ကို မှန်ကန်ကြောင့် အတည်ပြုထားပေသည်။ အဘယ်ကြောင့်ဆိုသော် စကြဝဠာ သန္တ တိ အစဉ်နှင့် ရုပ်နာမ်တို့၏အနှစ်အသားကင်းမဲ့ခြင်းသဘောတရားသည် ဗုဒ္ဓတရားတော်များ၏ အခြေခံ အချက်များဖြစ်သောကြောင့်ဖြစ်ပေသည်။

အတ္တ၊ ငါကောင်၊ ဝိညာဉ်ကောင်ရှိကြောင်းကို ဗုဒ္ဓဝါဒတစ်ခုတည်းကသာ လက်မခံ ငြင်းပယ် ခြင်းသည် လူတို့၏တွေးတောကြံဆမှုသမိုင်းတွင် ထူးခြားနေသော အချက်ကြီးဖြစ်ပေသည်။ ဗုဒ္ဓဟောကြားတော်မူသော တရားဒေသနာများအရ ‘အတ္တ’အယူဝါဒသည် စိတ်ထင်မျှသာဖြစ်သော လွဲမှားသည့်အယူဝါဒဖြစ်၍ စိတ်တွင်အကောင်အထည်ဟုထင်မြင်နေသောအရာများမှာ အစစ် အမှန်များမဟုတ်ကြပေ။ ၄င်း ‘အတ္တ’ ဝါဒသည် ‘ငါ’၊ ‘ငါ့ဟာ’၊ ‘ငါ့သား’၊ ‘ငါ့မယား’ စသည့် ဘေးအန္တရာယ်ဖြစ်ပေါ်စေသော စိတ်အကြံအစည်၊ တစ်ကိုယ်ကောင်းစိတ်ထား၊ လောဘတဏှာ မက်မောခြင်း၊ ဒေါသအာဃာတထားခြင်း၊ မာနကြီးခြင်း၊ ထောင်လွှားခြင်း အစရှိသောကိလေသာ အညစ်အကြေးများ ပြဿနာများကို ဖြစ်ထွန်းစေပေသည်။ ဤ ‘အတ္တ’ ဝါဒသည် လူပုဂ္ဂိုလ် အချင်းချင်း ခိုက်ရန်ဖြစ်ပွားသည်မှအစ တိုင်းပြည်အချင်းချင်းစစ်မက်ဖြစ်ပွားရသည့်အထိ ကမ္ဘာ့ဒုက္ခ ပြဿနာအပေါင်းတို့၏ မူလအကြောင်းရင်းဖြစ်ပေသည်။ အတိုချုပ်ဆိုရသော် ကမ္ဘာပေါ်တွင် မကောင်းမှုဟူသမျှသည် ဤမှားယွင်းသော ‘အတ္တ’ ဝါဒတွင်အခြေခံပေသည်။

အနတ္တ (ဝါ) ‘အတ္တမရှိခြင်း’ သဘောသည် မြတ်စွာဘုရား၏ ဒဿနအမြင်အားလုံးက လည်ပတ် နေသော ဗဟိုမဏ္ဍိုင်ဖြစ်၏။ အနတ္တသဘောကို သင်ကြားပေးခြင်း၌ လေးနက်သိမ်မွေ့သော ကိုယ်ကျင့်တရားတန်ဖိုးရှိပါသည်။ လူတို့သည် အတ္တကို အမှန်တကယ်ရှိသည်ဟု ယုံကြည်နေသမျှ ကာလပတ်လုံး တစ်ကိုယ်ကောင်းဆန်ခြင်းကို စွန့်ပယ်နိုင်လိမ့်မည်မဟုတ်။ ဤအကြောင်းကြောင့် မြတ်စွာဘုရားက “ ‘အတ္တ’ (ဝါ) ‘ငါ’ ရှိသည့် နေရာတိုင်း၌ စင်ကြယ်သည့် ကိုယ်ကျင့်သီလမရှိနိုင်” ဟု မိန်ဆိုတော်မူ၏။ ‘ငါ’ ဟူသော ယူဆချက်ကို မောင်ထုတ်ထုတ်လိုက်စမ်းပါ၊ ကိုယ်ကျိုးစွန်၍ အများအကျိုးသယ်ပိုးခြင်းသည် ၄င်း၏ နေရာမှန်ဖြစ်သော ကိုယ်ကျင့်တရား အခြေခံပေါ်တွင် ပြန် လည်နေရာရပြီးသား ဖြစ်သွားပေလိမ့်မည်။

အကယ်၍ မြတ်စွာဘုရားသာ ပွင့်တော်မမူခဲ့ပါလျှင် ကျွန်ုပ်တို့သည် အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုး၊ အကြောင်းနှင့်အကျိုးတို့ကို ဝေဖန်ပိုင်းခြား မသိမြင်နိုင်ကြဘဲ၊ “မောဟ” တည်းဟူသော အမိုက်မှောင်ဖုံးလွှမ်းမှုကြောင့် သံသရာဝဋ်ဆင်းရဲတွင်းမှ လွတ်ကင်းနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် မြတ်စွာဘုရား၏ဂုဏ်ကျေးဇူးတော်များကိုသိရှိပွားများကြပြီး၊ တရားတော် များကို ယုံကြည်မှုသဒ္ဒါထက်သန်စွာဖြင့် ကျင့်ကြံအားထုတ် ပူဇော်နိုင်ကြစေရန် ရည်သန်လျက်၊ ဤ“အနတ္တ” တရားတော်နှင့် ပတ်သက်သော သိပံ္ပပညာတွေ့ရှိချက်များကို ရေးသားတင်ပြအပ်ပါ သည်။

ကျမ်းကိုး။ BAPTIST, EGERTON C. ရေးသာသော “THE SUPREME SCIENCE OF THE BUDDHA” စာအုပ်ကို ဒေါက်တာမင်းတင်မွန် မြန်မာဘာသာပြန်ဆိုသည့် “သိပံ္ပနယ်လွန် ဗုဒ္ဓဘာသာ” စာအုပ်ကို မှီငြမ်းကိုးကား ရေးသားဖေါ်ပြပါသည်။

No comments:

Post a Comment