တရားရှာ ကိုယ်မှာတွေ့

တရားကို အခြားတစ်နေရာတွင် ရှာဖွေနေရန်မလိုပေ။ မိမိခန္ဓာကိုယ်တွင် ဖြစ်ပျက်လှုပ်ရှားနေသမျှ ကို သတိဖြင့် အာရုံစူးစိုက်ပြီး အဆက်မပြတ် ရှုမှတ် စောင့်သိနေရန်ပင်ဖြစ်သည်။ ထိုသို့ သတိဖြင့် အာရုံစူး စိုက်ပြီး အဆက်မပြတ် ရှုမှတ် စောင့်သိနေခြင်ဖြင့် မိမိခန္ဓာကိုယ်တွင် တစ်လှုပ်လှုပ် တစ်ရွရွ တစ်စစ်စစ်ဖြင့် ဖြစ်ပျက် ပြောင်းလဲ လှုပ်ရှားနေမှုများကို သတိပြုမိလာပေမည်။

 ထိုအခါ မိမိခန္ဓာကိုယ်တွင်းရှိ ရုပ်နာမ်တို့သည် မတည်မမြဲ အစဉ်ပြောင်လဲနေသည့် ‘အနိစ္စ လက္ခဏာကြီး’ ကိုတွေ့သိလာပေမည်။

ယင်းသို့ မိမိခန္ဓာကိုယ်တွင်းရှိ ရုပ်နာမ်တို့်၏် အဆက်မပြတ် ဖြစ်ပျက် ပြောင်လဲနေခြင်းကြောင့် ဆင်းရဲခြင်း ‘ဒုက္ခ လက္ခဏာကြီး’ကိုတွေ့သိလာရပေမည်။ ယင်းဆင်းရဲခြင်း ‘ဒုက္ခ လက္ခဏာကြီး’သည် ငယ်ရွယ်နုနယ်စဉ်တွင် သိပ်မသိသာလှသော်လည်း အရွယ်လေးထောက်၍ ဇရာလေးဖေါက်လာသည်နှင့် အမျှ ပိုမိုသိသာ ထင်ရှားလာပေသည်။

ယင်းမတည်မြဲသည့် ‘အနိစ္စ’ သဘော၊ ဆင်းရဲခြင်း ‘ဒုက္ခ’ တို့သည် မဖြစ်ချင်၍မရ၊ အချိန်နှင့်အမျှ သူ့သဘာဝအတိုင်း ဖြစ်ပျက်နေခြင်းကြောင့် အစိုးမရ ‘အနတ္တ လက္ဓဏာကြီး’ ပင်ဖြစ်ပေသည်။

ဤသို့ မိမိခန္ဓာကိုယ်ကြီးကို သတိဖြင့် အာရုံစူးစိုက်ပြီး အဆက်မပြတ် ရှုမှတ် စောင့်သိနေခြင်ဖြင့် မိမိခန္ဓာကိုယ်ကြီးသည် မမြဲ ဆင်းရဲ၏ အစိုးမရဟု ‘အနိစ္စ’ ‘ဒုက္ခ’ ‘အနတ္တ’ ဆိုသော လက္ဓဏာကြီးသုံးပါးကို ထင်ထင်ရှားရှားသိမြင်လာပြီး မိမိ ခန္ဓာကိုယ်ကြီးကို စက်ဆုပ်ရွံရှာမုန်တီလာကာ မတွယ်တာ မတပ်မက် မနှစ်သက်တော့မှသာ ဘဝတဏှာချုပ်ပျောက်ပြီး မဂ်ဉာဏ် ဖိုလ်ဉာဏ်များရရှိကာ ယခုဘဝတွင်ပင် ဆင်းရဲချုပ်ရာအမှန် မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပေမည်။ တဏှာ၏ချုပ်ခြင်းကို ‘နိရောဓနိဗ္ဗာန်’ဟု ခေါ်ဆိုပါသည်။

ခန္ဓာငါးပါ၌ ရုပ်နာမ်တို့၏ မမြဲခြင်းသဘော ဆင်းရဲခြင်းသဘောနှင့် အစိုးမရ အတ္တမရှိခြင်းသဘော တို့ကို ဉာဏ်ဖြင့် အဖန်ဖန် ရှုပွားခြင်းသည် ဝိပဿနာ မည်၏။

မိမိခန္ဓာကိုယ်ကြီးကို သတိဖြင့် အာရုံစူးစိုက်ပြီး အဆက်မပြတ် ရှုမှတ် စောင့်သိနေခြင်ဖြင့် မကောင်းမှု အကုသိုလ်ဟူသမျှကို ကာယကံ ဝစီကံ မနောကံ ကံသုံးပါးစလုံးဖြင့် ပြုလုပ်ခွင့်မရနိုင်တော့ပဲ၊ မှန်ကန်သော တည်ကြည်ခြင်း သမာသမာဓိကိုဖြစ်ပေါ်စေပေသည်။ သမာဓိအားကောင်းလာသည်နှင့်အမျှ အကောင်းအဆိုး အကြောင်းအကျိုးတို့ကို ဝေဖန်ပိုင်းခြားပြီး ထိုးထွင်းသိမြင်နိုင်သော ဟုတ်တိုင်းမှန်ရာကို သိခြင်း(ယထာဘူတဉာဏ်) ဖြစ်၏။ ထိုဉာဏ်ဖြစ်သူမှာ သံသရာဝဋ်ဒုက္ခတို့၌ ငြီးငွေ့ခြင်း(နိဗ္ဗိန္ဒ) တည်းဟူ သော အားကောင်းသည့် ဝိပဿနာဉာဏ်(ဗလဝ ဝိပဿနာဉာဏ်)ဖြစ်၏။ ထိုဉာဏ်ါဖြစ်သူမှာ တပ်မက်ခြင်း ကင်းသော မဂ်တရားဖြစ်၏။ မဂ်တရားဖြစ်သူမှာ ဝိမုတ္တိခေါ် အရဟတ္တဖိုလ်တရားဖြစ်၏။ ယင်းဖိုလ်တရားဖြစ် သူမှာ မဂ်ဖိုလ်နိဗ္ဗာန်ကိုဆင်ခြင်ခြင်း(ပစ္စဝေက္ခဏာဉာဏ်)ဖြစ်၏။ ယင်းဉာဏ်ဖြစ်သူမှာ အကြွင်းမရှိသော နိဗ္ဗာန်ချမ်းသာကိုပင်ခံယူရရှိနိုင်၏။(အံ၊ ၃-၅၀၅)

အသိနှင့်အကျင့် ပြည့်စုံညီညွတ်ကြပြီး ဆင်းရဲချုပ်ရာအမှန် မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါ စေ...

ညွှန်း - ပြည်ထောင်စုမြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန မှထုတ်ဝေသော “ဗုဒ္ဓဘာသာကောင်းတစ်ယောက်” ၊ စာ - ၃၇၃။

“သေခါနီးမှာ အိပ်ရာဟာ ရိပ်သာဖြစ်ဖို့ သိပ်အရေးကြီးတယ်” 

 သေခါနီမှာ အိပ်ရာဟာ ရိပ်သာဖြစ်ဖို့ အခုထဲက ပြင်ဆင်ကြဖို့လိုတယ်။ ထွေထွေထူးထူး အချိန်ယူ နေစရာမလိုပါဘူး။ အိပ်ရာဝင်တဲ့အချိန် တစ်ရေးနိုးတဲ့အချိန် အိပ်မပျော်သေးခင် အိပ်ရာထဲမှာလဲလျောင် ယင်း မိမိခန္ဓာကိုယ်ထဲက တစ်လှုပ်လှုပ်တစ်ရွရွ ဖြစ်ပျက်နေသမျှကို အာရုံလေးစိုက်ပြီး စောင့်သိနေခြင်းဖြင့် မိမိခန္ဓာကိုယ်ကြီးမှာ အဆက်မပြတ် ဖြစ်ပျက်လှုပ်ရှာနေတဲ့ မတည်မမြဲ ပြောင်လဲနေတဲ့ ‘မမြဲတဲ့သဘော’၊ မမြဲလို့ ‘ဆင်းရဲနေတဲ့သဘော’ နဲ့ မမြဲ ဆင်ရဲတယ်ဆိုတာတွေဟာ မဖြစ်ချင်လို့လဲမရဘဲ သူ့သဘောအတိုင် သူ ဖြစ်ပျက်နေကြလို့ ‘အစိုးမရတဲ့ သဘော’ တွေကို ရှုသိနိုင်ပါတယ်။

မိမိခန္ဓာကိုယ်ကြီးကို သတိဖြင့် အာရုံစူးစိုက်ပြီး အဆက်မပြတ် ရှုမှတ် စောင့်သိနေခြင်ဖြင့် မကောင်း မှု အကုသိုလ်ဟူသမျှကို ကာယကံ ဝစီကံ မနောကံ ကံသုံးပါးစလုံးဖြင့် ပြုလုပ်ခွင့်မရနိုင်တော့ပဲ မဂ္ဂင်ရှစ်ပါး ထဲက သီလမဂ္ဂင် (၃)ပါးကိုလည်းစောင့်ထိန်ပြီးဖြစ်တယ်၊ သမာဓိမဂ္ဂင် (၃)ပါးလည်းဖြစ်ပေါ်နေပါတယ်၊ သမာဓိအားတွေကောင်းလာသည်နှင့်အမျှ ပညာဉာဏ်တွေလည်းပွင့်လင်းလာပြီး တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက်မြင့်ကာ ဆင်းရဲခြင်းချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြမှာဖြစ်ပါတယ်။

သီလ သမာဓိ ပညာ အင်္ဂါ ၃ ရပ်ကို ပြည့်စုံအောင်ထူထောင်ခြင်းသည် အဆုံးစွန် အေးငြိမ်းခြင်း၊ ချမ်းသာခြင်း၊ လွတ်မြောက်ခြင်းဖြစ်သော နိဗ္ဗာန်သို့ရောက်စေနိုင်သည့်လမ်းသာဖြစ်ပေသည်။

ရုပ်နာမ်နှစ်ပါး ပွားများဆင်ခြင်ရန် 

၁။ ဤကိုယ်ကာယ၊ တစ်လံမျှ၌၊ နှစ်ဝရုပ်နာမ်၊ ဖြစ်၍ချုပ်၏၊ နာမ်ရုပ်နှစ်ပါး၊ အလွတ်ထား၍၊ ဤကားလိပ်ပြာ၊ ဤမှာဇီဝ၊ ဤအတ္တဟု၊ ညွှန်ပြဖွယ်ရာ၊ မရှိပါသည်၊ ခန္ဓာနာမ်ရုပ်မျှပါတကား။

၂။ နာမ်ရုပ်တရား၊ ဤနှစ်ပါးလည်း၊ ရှည်လျားကာလ၊ မတည်ကြဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၍၊ နှိပ်စက်ခြင်းရာ၊ လိုမပါဘူး၊ သဘာဝအား၊ ဤသုံးပါးကြောင့်၊ ဖြစ်ပွားသမျှ၊ အနိစ္စသည်၊ ဒုက္ဓ+အနတ္တပါတကား။ ကိုယ်ခန္ဓာကို ရုပ်ကလာပ်များနှင့် ဖွဲ့စည်းထား၏။ စိတ်နှင့် စေတသိက်များကို နာမ်ဟုခေါ်၏။ (အဘိဓဇ မဟာရဋ္ဌဂုရု- မင်းကွန်းဆရာတော်)

ညွှန်း - ဒေါက်တာမင်းတင်မွန်၊ ယဉ်ကျေးလိမ္မာ ရင်သွေးကမ္ဘာ၊ စာ ၁၂၂-၁၂၃။

 မြတ်စွာဘုရား၏သာသနာတော်ကြီးနှင့်လည်းကြုံခိုက် မရုန်းလိုက်လျှင် အရှုံးနင့်ပြင် ရှိခြိမ့်မည်။
 မကွေ့ မကောက် အဖြောင့်တရားတွေ့ပါသားနှင့် အများရူးတိုင်း နင်မရူးနှင့်။
ထူးသည့်အခါ၊ ဝိပဿနာကို အခါခါပွားမှ သွားမည့်သံသရာ အစဉ်ပါမည် သင်သာသတိထား။
အပြောသမား၊ အဖတ်သမား၊ အမှတ်သမားဘဝမှ အလုပ်သမားဘဝသို့ ချီတက်ကြပါစို့ ဟု ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီက မိန့်ကြားတော်မူခဲ့ပါသည်။

1 comment:

  1. များသတ္တဝါတို့အတွက် မေတ္တာရှေ့ထားပြီး Blogspot ကို Credit ပေးကာ ပြန်လည်ဖေါ်ပြါရစေခင်ဗျား။

    ReplyDelete