သစ္စာ(၄)ပါးတရား

သစ္စာ(၄)ပါးတရားကို ဗာရာဏသီပြည် မိဂဒါဝုန်တော၌ ဗုဒ္ဓမြတ်စွာသည် တရားဦးအဖြစ်ဟော ကြားတော်မူခဲ့၏။ မြတ်စွာဗုဒ္ဓဟောကြားသမျှ ဒေသနာအားလုံးသည် သစ္စာ(၄)ပါးနှင့်လွတ်ကင်းသောတရား မရှိပေ။

(၁) ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်တရား) ဆိုသည်မှာ ဘဝအသစ်ဖြစ်ရခြင်းကြောင့်ဆင်းရဲခြင်း၊ အိုရခြင်းဆင်းရဲ၊ နာရခြင်းဆင်ရဲ၊ သေရခြင်းဆင်းရဲတို့အပြင် စိုးရိမ်ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပူပန်ခြင်းစသော ဆင်းရဲခြင်းအပေါင်းကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။

(၂) သမုဒယသစ္စာ (ဆင်းရဲဖြစ်ကြောင်းအမှန်တရား)ဆိုသည်မှာ
(က) ကာမတဏှာ ကာမဂုဏ်၌တပ်မက်ခြင်း၊
(ခ) ဘဝတဏှာ ဘဝ၌တပ်မက်ခြင်း၊
(ဂ) ဝိဘဝတဏှာ ဘဝပြတ်ခြင်း၌တပ်မက်ခြင်း ဟူသော တဏှာသုံးပါး ဖြစ်၏။

ထိုအာသာဆန္ဒ စေတနာ ဇော ရမ္မက်တဏှာသည် ဤကမ္ဘာတွင် အင်အားအကြီးမားဆုံးဖြစ် သည်။ ရူပကာယသည် အမှုကိစ္စအားလုံး ဆောင်ရွက်မှုရပ်စဲ၍ သေဆုံး ခြင်းသို့ရောက်ပြီဟု ဆိုရသော အခါတွင် ဤတဏှာ၏ စွမ်းအင်အဟုန်သည် ရပ်တန့်မှုမရှိဘဲ အခြားရုပ်သန္တာန်တစ်ခု၌ ဆက်လက် ၍ ထင်ရှားပြပြန်လေသည်။ ဤသိုဖြင့် ဘဝသစ် (Life after death)ကို တဖန် ဖြစ်ပေါ်လာစေပြန် ပါသည်။

ဤကမ္ဘာလောကတွင် အန်တုဖက်ပြိုင်ဘေးဒုက္ခဆိုင်လေသမျှသည် ထိုကိုယ်ကျိုးရှုတဏှာကြောင့် ဖြစ်ပွားပေါ်ပေါက်လာခြင်းသာဖြစ်ပါသည်။

(၃) နိရောဓသစ္စာ(ဆင်ရဲမှုချုပ်ငြိမ်းခြင်းအမှန်တရား) ဆိုသည်မှာ တဏှာ၏ အကြွင်းမဲ့ ပျက်ပြယ်ချုပ် ငြိမ်းခြင်း၊ “တဏှာ” ကိုစွန့်ခြင်း၊ ဝေးစွာစွန့်ခြင်း၊ ဆုပ်ကိုင်မထားဘဲ လွှတ်လိုက်ခြင်း၊ တွယ်တာမှု ကင်းခြင်းပင်ဖြစ်သည်။ ထိုတဏှာ၏ ချုပ်ခြင်းကို နိရောဓနိဗ္ဗာန်ဟု ခေါ်ဆိုပါသည်။

(၄) မဂ္ဂသစ္စာ (ဆင်းရဲချုပ်ငြိမ်းခြင်းသို့ ရောက်စေတတ်သည့် လမ်းမှန်) ဆိုသည်မှာ-
 ၁။ သမ္မာဒိဋ္ဌိ = မှန်စွာ မြင်ခြင်း၊
၂။ သမ္မာသင်္ကပ္ပ = မှန်စွာ ကြံခြင်း၊
၃။ သမ္မာဝါစာ = မှန်စွာ ပြောခြင်း၊
၎။ သမ္မာကမ္မန္တ = မှန်စွာ ပြုခြင်း၊
၅။ သမ္မာအာဇီဝ = မှန်စွာ အသက်မွေးခြင်း၊
၆။ သမ္မာဝါယာမ = မှန်စွာ အားထုတ်ခြင်း၊
 ၇။ သမ္မာသတိ = မှန်စွာ အမှတ်ရခြင်း၊
 ၈။ သမ္မာသမာဓိ = မှန်စွာ စူစိုက်တည်ကြည်ခြင်း ဟူသော အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသည့် အရိယမဂ်ပင်ဖြစ်သည်။ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ညွှန်ပြ သောလမ်းကို မဂ္ဂင်လမ်းဟုခေါ်သည်၊ အစွန်းနှစ်ဘက်ကို ဖယ်ရှားသောလမ်းလည်းဖြစ်သည်။

(မဂ္ဂင်ရှစ်ပါးကို တစ်ပါးခြင်း အသေးစိတ် ထပ်မံရှင်းပြပါမည်။)

ညွှန်း - “ဗုဒ္ဒဘာသာကောင်းတစ်ယောက်” ၊ အခန်း (၅)၊ ‘သစ္စာ(၄)ပါးတရား’၊ စာ ၄၀၅ - ၄၀၉၊ သာသနာတော်ထွန်ကားပြန့်ပွားရေးဦးစီးဌာန၊ ရန်ကုန်၊ သာသနာသက္ကရာဇ် - ၂၅၅၁။ 

No comments:

Post a Comment